ဆေးလိပ်သောက်ခြင်းက ကင်ဆာရောဂါဖြစ်နိုင်ကြောင်း သိထားကြတော့ ဆေးလိပ် အစားထိုးအနေနဲ့ Vape ကို သောက်သုံးလာကြတယ်မလား။ အရင်က ဆေးလိပ်မသောက်လည်း ခေတ်မှီအောင် စတိုင်ကျချင်အောင်ဆိုပြီး လူငယ်တွေ Vape ကို စွဲလမ်းလာကြတယ်ဟုတ်။ 


Vape သောက်ခြင်းက ရိုးရိုးဆေးလိပ်သောက်ခြင်းထက် ပိုအန္တရာယ်ရှိနိုင်ကြောင်း သက်သေအထောက်အထားများက ဖော်ပြထားပါတယ်။ 


Vape က အနံ့အရသာအမျိုးမျိုး၊ နီကိုတင်း၊ ဆေးခြောက် နှင့် အခြားအန္တရာယ်ဖြစ်နိုင်သော ဓာတုပစ္စည်းများကို အပူပေးခြင်းဖြင့် အလုပ်လုပ်တဲ့အတွက်ကြောင့် ရေရှည်တွင် နှလုံး၊ အဆုတ်နဲ့ အာရုံကြောဆိုင်ရာမှာ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်စေနိုင်ပြီး အချို့မှာ သေဆုံးနိုင်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။ ထို့ပြင် 


  • ချောင်းဆိုးခြင်း

  • ပါးစပ် နှင့် လည်ချောင်းကို ခြောက်သွေ့စေခြင်း

  • အသက်ရှူ ကြပ်စေခြင်း

  • ပါးစပ်နှင့် လည်ချောင်း ယားယံခြင်း

  • ခေါင်းကိုက်ခြင်း

  • ရင်တုန်ခြင်း

  • အိပ်ငိုက်ခြင်း

  • အရသာခံနိုင်မှု အားနည်းခြင်း တို့ကိုလည်း ဖြစ်စေနိုင်ပါတယ်။ 


ဆယ်ကျော်သက်အရွယ်ဟာ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးကြီးဆုံး အချိန်ဖြစ်ပါတယ်။ သားအိမ်အတွင်း သန္ဓေသားကြီးထွားလာချိန်မှစ၍ ဦးနှောက်ဖွံ့ဖြိုးမှု အစပြုကာ ကလေးဘဝကနေ အသက် (25) နှစ်အထိ ဦးနှောက်က ဖွံ့ဖြိုးနေပါတယ်။ ငယ်ရွယ်စဉ် နီကိုတင်း ထိတွေ့မှုက စွဲလမ်းစေပြီး ဖွံ့ဖြိုးဆဲဦးနှောက်ကို ထိခိုက်စေတဲ့အပြင် အာရုံစူးစိုက်နိုင်မှုကိုလည်း လျှော့နည်းစေပါတယ်။ 


ကိုယ်ဝန်ရှိစဉ်အတွင်း Vape သောက်ပါက ဖွံ့ဖြိုးဆဲ သန္ဓေသားကို ထိခိုက်စေနိုင်ပါတယ်။ ကိုယ်တိုင်မသောက်လည်း တဖက်သူသောက်တဲ့အငွေ့ကို ရှုရှိုက်မိခြင်းမှလည်း သန္ဓေသားကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ 


ဒါကြောင့် အခုခေတ်မှာ ရေပန်းစားနေတဲ့ Vape သောက်တာကို စမ်းကြည့်ဖို့ စဉ်းစားနေမယ်ဆိုရင်တော့ လုံး၀ အစမလုပ်တာ အကောင်းဆုံးပါ။ စွဲနေတဲ့သူတွေကိုလည်း လျှော့သောက်ဖို့ ကြိုးစားကြည့်စေချင်ပါတယ်။