နေ့စဉ်လှုပ်ရှား ရုန်းကန်နေရတဲ့ဘ၀ကြီးမှာ မိမိအတွက်ကောင်းကျိုးမပေးတဲ့ တစ်ချို့အကြောင်းအရာတွေ တစ်ချို့အပြုအမူတွေကို သိသိကြီးနဲ့ စိတ်အလိုလိုက်ပြီး လွယ်လွယ်ဖြတ်သန်းဖူးမှာပေါ့။ အဲ့ဒီလို အမြဲတမ်း စိတ်အလိုကို လွယ်လွယ်လေး လိုက်နေမိရင်တော့ တကယ့်စိတ်ခံစားမှု ကျန်းမာခြင်း အစစ်ဖြစ်တဲ့ Emotional Wellness ကို ရရှိနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီဆောင်ပါးလေးမှာ Emotional Wellness ကို ပိုမို နားလည်ကျင့်သုံးနိုင်စေဖို့ ဖော်ပြပေးလိုက် ရပါတယ်ရှင့်။


Emotional Wellness ဆိုတာ ဘာလဲ ?


လူတစ်ဦးဟာ စိတ်ခံစားမှုများကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိပြီး မိမိကိုယ်မိမိ စိတ်ပျော်ရွှင် ကျန်းမာအောင် နေထိုင်ခြင်းကို Emotional Wellness လို့ ခေါ်ပါတယ်။ 


စိတ်ပိုင်းဆိုင်ရာ ကျန်းမာဖို့အတွက် သင့်ခံစားချက်များကို သေချာသိရှိ နားလည်အောင်လုပ်ရမယ်၊ လက်ခံနိုင်အောင် ကြိုးစားရမယ်၊ စိတ်အပြောင်းအလဲများကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ရပါမယ်။ 


စိတ်ခံစားမှုမကောင်းရင် ကျန်းမာပြီး ပြည့်စုံတဲ့ဘဝကို ပိုင်ဆိုင်ဖို့ မဖြစ်နိုင်ပါဘူး။ 


စိတ်ပိုင်းဆိုင်ရာ ကျန်းမာခြင်း၏ အကျိုးကျေးဇူးများ


သင့်ရဲ့စိတ်ခံစားချက်တွေကို ကိုင်တွယ် ဖြေရှင်းနိုင်ခြင်းက သင့်ဘဝအပေါ် ဘယ်လို သက်ရောက်မှုရှိနိုင်လဲ ဆိုတာကို လေ့လာကြည့်ကြရအောင်။


(၁) ပေါင်းသင်းဆက်ဆံရေး


ကျန်းမာသော စိတ်ရှိခြင်းက ကျွန်ုပ်တို့၏ ပေါင်းသင်းဆက်ဆံရေးအပေါ်  များစွာ အကျိုးသက်ရောက်မှု ရှိပါတယ်။ 


ကျွန်ုပ်တို့ဟာ အခြားသူများနှင့် သဘောထားကွဲလွဲကြတဲ့အခါ ဆက်ဆံရေးကို ဆက်လက် အဆင်ပြေအောင် တည်ငြိမ်အေးချမ်းစွာ တုံ့ပြန်နိုင်ဖို့က အလွန်အရေးကြီးပါတယ်။ သင့်ခံစားချက်တွေကို ကောင်းကောင်းမကိုင်တွယ်နိုင်ရင် လူတွေနဲ့ ဆက်ဆံရ ခက်နေပါလိမ့်မယ်။


စိတ်ပိုင်းဆိုင်ရာ ပိုမိုကျန်းမာလေ ကျွန်ုပ်တို့ ချစ်ခင်ရသောသူများနှင့် ရေရှည်တည်မြဲလေပါပဲ။ 


(၂) အလုပ်နှင့်ကျောင်း


အလုပ်ခွင်မှာပဲ ဖြစ်စေ၊ ကျောင်းတက်နေတုန်းပဲ ဖြစ်စေ ပြဿနာတစ်ခုခုကို စိတ်တည်ငြိမ်စွာ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းက ရှေ့ဆက်လျှောက်မယ့်လမ်းမှာ အလွန်အရေးပါလှပါတယ်။ အပြုသဘောဆောင်တဲ့ အကောင်းမြင်စိတ်ရှိခြင်းက သင့်ဘ၀ကို ပိုမိုအောင်မြင်အောင် ကူညီပေးနိုင်ပါတယ်။ 

 


(၃) စိတ်ပျော်ရွှင်မှု 


စိတ်ခံစားချက်များကို သေချာကိုင်တွယ် ဖြေရှင်းနိုင်မှသာလျှင် စိတ်က ပျော်ရွှင်နိုင်မှာပါ။ စိတ်ပျော်ရွှင်မှသာ ခန္ဓာကိုယ်လည်း ကျန်းမာပြီး သင့်ရဲ့ နေ့ရက်တိုင်းကို ပျော်ရွှင်မှုတွေနဲ့ ဖြတ်သန်းနိုင်မှာပါ။ 





စိတ်ပိုင်းဆိုင်ရာ ညံ့ဖျင်းခြင်းက ဘာတွေ‌ဖြစ်လာနိုင်လဲ ?


အဆိုးမြင်စိတ်ရှိခြင်းက စိတ်ဖိစီးမှုကို ဖြစ်စေတဲ့အပြင် 


  • လူမှုဆက်ဆံရေးတွင် ပြဿနာများ ဖြစ်လာနိုင်ပါတယ်။ ကိုယ့်ဆီက ထွက်ခွာသွားတဲ့ သူတွေ များလာပါလိမ့်မယ်။ ချစ်ခင်ရတဲ့ သူတွေကို ဆုံးရှုံးရနိုင်ပါတယ်။ 

  • အလုပ်ခွင်တွင် အခက်အခဲများ ကြုံတွေ့ရနိုင်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်မပြေ ဖြစ်လာလိမ့်မယ်။ အာရုံစူးစိုက်မှု အားနည်းပြီး အလုပ်ကို ထိခိုက်နိုင်ပါတယ်။ 

  • ကိုယ်ခံအား ကျဆင်းလာမယ် - စိတ်ဖိစီးမှုက ကိုယ်ခံအားစနစ်ကို အားနည်းစေပါတယ်။ 

  • သွေးတိုးရောဂါ ဖြစ်လာမယ် - ရေရှည်စိတ်ဖိစီးမှုက သွေးဖိအားကို ပိုဆိုးစေပါတယ်။

  • နေမကောင်းတွေ ဖြစ်လာမယ် - စိတ်ဖိစီးမှုက နှလုံးပြဿနာများမှ စိတ်ရောဂါဆိုင်ရာ ပြဿနာများအထိ အရာအားလုံးကို ဆိုးရွားစေပါတယ်။ 


စိတ်ပိုင်းဆိုင်ရာ ကျန်းမာဖို့ ဘာတွေလုပ်ဆောင်ရမလဲ ?


(၁) သတိလက်လွတ် မနေပါနဲ့


ပစ္စုပ္ပန်မှာပဲ နေထိုင်ပါ။ စကားပြောရင် ကိုယ့်ကိုယ်ကို သတိထားပြီး ပြောပါ။ ဘာပဲလုပ်လုပ် စိတ်လိုလက်ရ မလုပ်ပါနဲ့။ ဒေါသထွက်နေချိန်မှာ စကားတွေကို တက်နိုင်သလောက် ထိန်းပါ။ 


(၂) စိတ်ခံစားချက်များကို မျှဝေပါ 


ဘ၀ခရီးကို တစ်ယောက်တည်း ဖြတ်သန်းဖို့ မလိုပါဘူး။ သင့်စိတ်ခံစားချက်များကို သင့်ကိုနားလည်ပေးနိုင်မယ့် တစ်ခြားသူများနှင့် မျှဝေပါ။ သူတို့၏ အမြင်ကို မေးပါ။ မတူညီတဲ့ ရှုထောင့်တွေကနေ ဝင်ခံစားပါ။ အဖက်ဖက်ကနေ ဖြည့်တွေးနိုင်အောင် ကြိုးစားကြည့်ပါ။ 


(၃) စိတ်ဖိစီးမှုတွေကို လျှော့ချပါ 


စိတ်ဖိစီးမှုနည်းလေ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ပိုမိုကျန်းမာလေပဲ ဖြစ်ပါတယ်။  စိတ် အရမ်းဖိစီးလာတဲ့အခါ လမ်းထလျှောက်လိုက်တာတို့ ရေထချိုးလိုက်တာတို့ အသက်ပြင်းပြင်းရှုလိုက်တာတို့ လုပ်ပါ။ တစ်နေ့ကို အနည်းဆုံး (၅)မိနစ် လောက် တရားထိုင်တဲ့ အကျင့်ကို ကျင့်ပါ။ 


(၄) များများရီပါ 


ရယ်မောခြင်းက ကျွန်ုပ်တို့ ခန္ဓာကိုယ်မှထုတ်လုပ်သော စိတ်ခံစားမှုကောင်းမွန်စေတဲ့ endorphin ကို တက်စေပါတယ်။ ရီစရာကောင်းတဲ့ စာတွေဖတ်ပါ။ ဟာသကားတွေ ကြည့်ပါ။ 


(၅) အိပ်ရေး၀အောင် အိပ်ပါ


အိပ်ရေး၀လေ နိုးလာတဲ့အချိန်မှာ စိတ်ခံစားမှုကောင်းလေပဲ ဖြစ်ပါတယ်။ အိပ်ရာဝင်ချိန် သတ်မှတ်ပါ၊ အိပ်ရာမဝင်မှီ အစာစားခြင်းနှင့် ကော်ဖီ သောက်ခြင်းကို ရှောင်ပါ။ လေ့ကျင့်ခန်းလုပ်ခြင်းကလည်း ညဘက်မှာ ကောင်းကောင်းအိပ်ပျော်စေပါတယ်။ 


(၆) ဖြည့်စွက်စာများ


ဗီတာမင်နှင့် သတ္တုဓာတ်များကို လုံလောက်စွာ မစားဖြစ်ပါက ဖြည့်စွက်စာများကို မှီဝဲလို့ ရပါတယ်။ စိတ်ပိုင်းဆိုင်ရာသုခချမ်းသာအတွက် ဘာအားဆေးတွေ သောက်ဖို့လိုလည်းဆိုတာကို အသေးစိတ် သိလိုပါက My-Medicine ၏ ဖုန်းနံပါတ် 09-980-635-588 ကို ဆက်သွယ်မေးမြန်းလို့ ရပါတယ်။ 


အထက်ပါ အချက်သေးသေးလေးတွေကို သေချာလိုက်နာရင် ကြီးမားသော စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို သင်သတိထားမိလာပါလိမ့်မယ်။ စိတ်ပိုင်းဆိုင်ရာ သုခရှိခြင်းဖြင့် ကျန်းမာသော ဘ၀တစ်ခုကို ပိုင်ဆိုင်လိုက်ပါ။