မင်္ဂလာပါ စာဖတ်ပရိတ်သတ်တို့ရေ…
2022 မှာ မကောင်းတဲ့ အလေ့အထ အမူအကျင့်များကို ပြောင်းလဲပြီး ကျန်းမာသော ဘဝကိုစတင်ဖို့ ရည်ရွယ်ထားပြီလား။
နှစ်သစ်ရောက်တိုင်း 'eating healthy' နှင့် 'staying fit' တို့ဟာ ရေပန်းအစားဆုံး Goal တွေပဲ ဖြစ်ပါတယ်။
အရင်နှစ်တွေထက် ကျန်းမာလှပစွာ စားသောက်နေထိုင်ဖို့ လူတိုင်းမှာ ဆန္ဒတော့ ရှိကြပါတယ်။
ဒါကြောင့် 2022 နှစ်သစ်မှာ ကျန်းမာပျော်ရွှင်လှပသော ပန်းတိုင်ကို အရောက်လှမ်းမယ်လို့ ဆုံးဖြတ်ထားရင်တော့ ဤဆောင်းပါးလေးကို အဆုံးထိ ဖတ်ရှုလိုက်ပါ။
(1) မနက်စာ မစားဘဲ မနေပါနဲ့
မနက်စာက တစ်နေကုန် လှုပ်ရှားသွားလာနိုင်ဖို့ ရှေ့ပြေးအနေနဲ့ အားဖြည့်ပေးတာကြောင့် လုံး၀မစားဘဲ မနေသင့်ပါ။ ဒါ့အပြင် မနက်စာ ကောင်းကောင်းစားတာက ကျန်းမာရေးနဲ့ မညီညွတ်တဲ့ သရေစာတွေကို စားသုံးချင်စိတ်ကနေ တစ်နေ့တာလုံး ကင်းဝေးစေပါတယ်။ မနက်စာ များများစားပြီး နေ့လည်စာ ညစာ လျှော့စားတာကလည်း ဝိတ်ကျစေပါတယ်။
(2) သကြား(အချို) လျှော့စားပါ
လက်ဖက်ရည်၊ ကော်ဖီ၊ အချိုရည် နှင့် နွားနို့များထဲတွင် သကြားအလွန်အကျွံ ထည့်သောက်တာကို ဖြည်းဖြည်းချင်း လျှော့ပါ။ နေ့တိုင်း အချိုရည် သောက်ချင်တဲ့ စိတ်ကိုလည်း ထိန်းပါ။ ချောကလက်၊ ချိုချဉ် စတဲ့ သရေစာ အချိုမုန့်တွေကိုလည်း လျှော့စားပါ။ ဆီးချိုဖြစ်တာကိုလည်း ကာကွယ်နိုင်သလို ကိုယ်အလေးချိန်ကိုလည်း ထိန်းရာရောက်ပါတယ်။
(3) ရေများများသောက်ပါ
အချိန်တိုင်း ရေဓာတ်ပြည့်၀အောင်နေဖို့ မမေ့ပါနဲ့။ ရေလုံလောက်စွာသောက်ခြင်းက ခန္ဓာကိုယ်တွင်းမှ အဆိပ်အတောက်များကို ဖယ်ရှားပေးတဲ့ အတွက်ကြောင့် ဝမ်းမှန်ပြီး အသားအရေ လှစေတဲ့ အပြင် ကျန်းမာစေပါတယ်။ ရေဓာတ်ပါဝင်မှုမြင့်မားသော သစ်သီးများကိုလည်း စားပေးပါ။
(4) အသီးအရွက်များများစားပါ
အမျှင်ဓာတ်၊ ဗီတာမင်နှင့် အခြားအာဟာရဓာတ်များ ကြွယ်ဝသော ဟင်းသီးဟင်းရွက်များဟာ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များတွင် အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ အဆီနှင့် ကယ်လိုရီ ပါဝင်မှု နည်းသောကြောင့် ကျန်းမာလှပတဲ့ ဘ၀ကို ပိုင်ဆိုင်လိုရင်တော့ မဖြစ်မနေစားပေးပါ။
(5) လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်မှုဘဝအတွက် လေ့ကျင့်ခန်းလုပ်တာက အလွန် အရေးကြီးလှပါတယ်။ အစားအသောက်ကို အာရုံစိုက်ရုံနဲ့ မလုံလောက်ပါဘူး။ Gym သွားမှ မဟုတ်၊ အနီးနားတစ်ဝိုက်မှာ မိနစ် (30) လောက် လမ်းလျှောက်ခြင်းကလည်း သွေးလည်ပတ်မှု ကောင်းစေတဲ့ အပြင် စိတ်ကိုလည်း ကြည်လင်လန်းဆန်း စေပါတယ်။
(6) မနက်စောစောထပါ
သင်ဟာ ‘morning person’ မဟုတ်ရင် နေ့တိုင်း စောစောထဖို့ ကိုယ့်ကိုယ်ကို လေ့ကျင့်ယူပါ။ တစ်နေ့တာလုံး စိတ်ကြည်လင်စွာနဲ့ ဖြတ်သန်းနိုင်ပါလိမ့်မယ်။
(7) တူညီသောပန်းတိုင်ရှိသူများနှင့် မိတ်ဖွဲ့ပါ
သင့်အနားမှာ သင့်လို စိတ်အားထက်သန်နေတဲ့ တစ်စုံတစ်ယောက်ရှိဖို့က အရမ်းအရေးကြီးပါတယ်။ သင့်ကဲ့သို့ ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်နေထိုင်မှုပန်းတိုင်များကို မျှဝေပေးမည့်သူအား ရှာဖွေပြီး သူငယ်ချင်းလုပ်ပါ။ ယခုလို အင်တာနက်ခေတ်မှာ ပန်းတိုင်တူ သူငယ်ချင်းရှာဖို့က မခဲရင်းတော့ပါဘူး။ အမြဲတမ်း တစ်ယောက်နဲ့တစ်ယောက် တွန်းအားပေးနိုင်တဲ့ အတွက်ကြောင့် အပျင်းကြီးပြီး ဖြစ်သလိုနေခဲ့တဲ့ နေ့ရက်တွေကို ကျော်လွှားနိုင်မှာပါ။
ယနေ့ကမ္ဘာကြီးက စိတ်ကိုညစ်ညူးစေတဲ့ သတင်းအကြောင်းအရာတွေ နဲ့ ပိုမိုပြည့်နှက်လာတဲ့အခါ ကောင်းမွန်တဲ့ဘဝနေထိုင်နည်းကို သင်ယူဖို့ကလည်း ခက်ခဲလာနိုင်ပါတယ်။ ဒီဆောင်းပါးလေးက ပိုမိုကောင်းမွန်တဲ့ နေထိုင်မှုပုံစံကို ရရှိအောင် ဘယ်လိုနေထိုင်ရမလဲဆိုတာကို သိနိုင်ဖို့ ကူညီပေးမယ်လို့ မျှော်လင့်ပါတယ်။
ပိုကျန်းမာပြီး ပိုသစ်လွင်တဲ့ နှစ်သစ်ခရီးကို စတင်လိုက်တဲ့အခါ ဒီအကြံပြုချက် (၇) ခုကို မှတ်သားထားပေးပါ။ ကောင်းမွန်သော အလေ့အထများကို တစ်ကြိမ်လျှင် ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် တဖြည်းဖြည်း ရယူလာနိုင်မှာပါ။
ကံကောင်းခြင်းတွေအပြည့်နဲ့ နှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေ။