သင့်အတွက် လိုအပ်တဲ့ အိပ်စက်ချိန်ပမာဏဟာ အသက်အရွယ်လို အချက်တွေအပေါ် မူတည်နိုင်ပါတယ်။ လူတစ်ဦးနှင့်တစ်ဦး အိပ်ချိန်လိုအပ်ချက်တွေဟာ သိသိသာသာကွဲပြားသော်လည်း ကွဲပြားသောအသက်အုပ်စုများအတွက် ဤယေဘုယျလမ်းညွှန်ချက်များကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။
4-12လအတွင်း မွေးကင်းစကလေးများ: တစ်ရေးအိပ်ခြင်းများ အပါအဝင် တစ်နေ့လျှင် အိပ်ချိန် 12-16 နာရီ
1-2နှစ်အတွင်း ကလေးများ: တစ်ရေးအိပ်ခြင်းများ အပါအဝင် တစ်နေ့လျှင် အိပ်ချိန် 11-14 နာရီ
3-5နှစ်အတွင်း ကလေးများ: တစ်ရေးအိပ်ခြင်းများ အပါအဝင် တစ်နေ့လျှင် အိပ်ချိန် 10-13 နာရီ
6-12နှစ်အတွင်း ကလေးများ: တစ်ရက်လျှင် အိပ်ချိန် 9-12နာရီ
13-18နှစ်အတွင်း ကလေးများ: တစ်ရက်လျှင် အိပ်ချိန် 8-10နာရီ
အရွယ်ရောက်ပြီးသူများ: တစ်ရက်လျှင်အိပ်ချိန် 7နာရီနှင့်အထက်
အသက်အရွယ်အပြင် အခြားအချက်တွေကလည်း အိပ်ချိန်လိုအပ်ချက်အပေါ် သက်ရောက်နိုင်ပါတယ်။ ဥပမာအားဖြင့်:
နှစ်ခြိုက်စွာအိပ်ပျော်မှု - သင့်ရဲ့ အိပ်စက်ခြင်းကို မကြာခဏ နှောင့်ယှက်ခံရပါက ကောင်းမွန်စွာ အိပ်စက်နိုင်မည်မဟုတ်ပါ။ သင့်ရဲ့ နှစ်ခြိုက်စွာအိပ်ပျော်နိုင်မှုက အိပ်ချိန်ပမာဏလိုပဲ အရေးကြီးပါတယ်။
ယခင်က အိပ်ရေးပျက်ထားခြင်း - အိပ်ရေးမဝလျှင် သင်လိုအပ်သော အိပ်ချိန်ပမာဏလည်း တိုးလာပါတယ်။
ကိုယ်ဝန်ဆောင်ခြင်း - ဟော်မုန်းအပြောင်းအလဲများနှင့် သက်တောင့်သက်သာမရှိခြင်းကလည်း အိပ်ရေးပျက်စေပါတယ်။
အသက်ကြီးလာခြင်း - သက်ကြီးရွယ်အိုများမှာလည်း ငယ်ရွယ်သူများကဲ့သို့ အိပ်ချိန်ပမာဏအတူတူ လိုအပ်ပါတယ်။ ဒါပေမယ့် အသက်ကြီးလာတာနဲ့အမျှ အိပ်စက်မှုပုံစံတွေက ပြောင်းသွားနိင်ပါတယ်။ အသက်ကြီးသူများဟာ အအိပ်ဆတ်လေ့ရှိပြီး ငယ်ရွယ်သူများထက်လည်း အိပ်ချိန်ပိုနည်းတတ်ပါတယ်။ သက်ကြီးရွယ်အိုများဟာ ည၌လည်း အကြိမ်များစွာ နိုးလေ့ရှိကြပါတယ်။
ကလေးများအတွက် အကြံပြုထားသောအိပ်ချိန်ကို ပုံမှန်ရရှိခြင်းသည် အာရုံစူးစိုက်မှုတိုးတက်ခြင်း၊ အပြုအမူ၊ သင်ယူမှု၊ မှတ်ဉာဏ်၊ စိတ်ခံစားမှုကို ထိန်းချုပ်နိုင်မှု၊ လူနေမှုဘ၀အရည်အသွေး၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပါအ၀င် ပိုမိုကောင်းမွန်သော ကျန်းမာရေးများနှင့် ဆက်စပ်နေပါတယ်။
လူကြီးများအတွက် တစ်ညကို အိပ်ချိန် 7နာရီထက် နည်းခြင်းက ကိုယ်အလေးချိန်တက်ခြင်း၊ body mass index (BMI) 30 နှင့်အထက်ရှိခြင်း၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် စိတ်ဓာတ်ကျခြင်း အပါအဝင် ကျန်းမာရေးချို့တဲ့မှုများနှင့် ဆက်စပ်နေပါတယ်။
သင် (သို့) သင့်ကလေးရဲ့ အိပ်ချိန်ပမာဏနှင့် ပတ်သက်ပြီး စိုးရိမ်နေပါက သင့်ဆရာဝန် (သို့) သင့်ကလေးရဲ့ ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ကြည့်ပါ။