မင်္ဂလာပါ စာဖတ်ပရိတ်သတ်တို့ရေ….
လိင်အင်္ဂါကြွက်နို့များဟာ Human Papillomavirus (HPV) ဗိုင်းရပ်စ်ကြောင့် ဖြစ်သော လိင်ကတဆင့်ကူးစက်တဲ့ ရောဂါများတွင် အဖြစ်များဆုံး အမျိုးအစား ဖြစ်ပါတယ်။
ရောဂါလက္ခဏာများ
လိင်အင်္ဂါကြွက်နို့များဟာ အမျိုးသမီးများတွင် မအင်္ဂါနှုတ်ခမ်း၊ မိန်းမကိုယ်အတွင်းနံရံ၊ လိင်အင်္ဂါပြင်ပ နှင့် စအိုကြားဧရိယာ၊ စအိုလမ်းကြောင်းနှင့် သားအိမ်ခေါင်းတို့တွင် ပေါက်နိုင်ပါတယ်။ အမျိုးသားများတွင် လိင်တံထိပ် နှင့် လိင်တံတစ်လျှောက်၊ ကပ်ပယ်အိတ် နှင့် စအိုတို့တွင် ဖြစ်ပွားနိုင်ပါတယ်။
ထို့ပြင် ရောဂါပိုးရှိသူနှင့် ပါးစပ်ဖြင့် လိင်ဆက်ဆံပါက ပါးစပ် နှင့် လည်ချောင်းတွင်လည်း ပေါက်နိုင်ပါတယ်။
လိင်အင်္ဂါတစ်ဝိုက်တွင် သေးငယ်သော အသားရောင်၊ အညိုရောင်၊ ပန်းရောင် အဖုများ ပေါက်နေခြင်း
ကြွက်နို့များ စုလာပါက ပန်းဂေါ်ဖီပုံသဏ္ဍာန် ဖြစ်လာခြင်း
လိင်အင်္ဂါတစ်ဝိုက် ယားခြင်း နှင့် မသက်မသာဖြစ်ခြင်း
လိင်ဆက်ဆံနေချိန် သွေးထွက်ခြင်း
လိင်အင်္ဂါကြွက်နို့တွေဟာ မမြင်နိုင်လောက်အောင် သေးငယ်ပါတယ်။ သို့သော် ကိုယ်ခံအားမကောင်းရင်တော့ ကြီးလာပြီး ပြွတ်သိတ်စွာ ပွားလာနိုင်ပါတယ်။
အကြောင်းအရင်း
လိင်အင်္ဂါကြွက်နို့ဆိုတဲ့အတိုင်း လိင်ဆက်ဆံခြင်းမှ တစ်ဆင့် အများဆုံး ကူးစက်ကြပါတယ်။ လိင်ဆက်ဆံခြင်းမှ Human papillomavirus (HPV) ဗိုင်းရပ်စပ် ကူးစက်ခံရပြီး ကြွက်နို့များကို ဖြစ်ပေါ်စေပါတယ်။
အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း
လိင်ကတဆင့် ကူးစက်တဲ့ ရောဂါပိုးတမျိုး ရှိခြင်း
လိင်ဆက်ဆံဖော် အရေအတွက်များခြင်း
လိင်ဆက်ဆံဖော်များတဲ့သူနှင့် လိင်ဆက်ဆံမိခြင်း
ငယ်ငယ်ရွယ်ရွယ်နဲ့ လိင်ဆက်ဆံခြင်း
HIV/AIDS ရောဂါရှိခြင်း တို့က ရောဂါကူးစက်နိုင်ခြေ မြင့်စေပါတယ်။
ကာကွယ်ခြင်း
ကိုယ်နှင့် လိင်ဆက်ဆံသူမှာ လိင်အင်္ဂါကြွက်နို့ မရှိနေလည်း HPV ကူးစက်နိုင်ပါတယ်။ ဒါကြောင့် ကွန်ဒုံးကို မဖြစ်မနေသုံးပါ။
HPV ကာကွယ်ဆေးထိုးပါ။ ကာကွယ်ဆေးက လိင်အင်္ဂါကြွက်နို့အပြင် သားအိမ်ခေါင်းကင်ဆာ ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
ပါတနာ အသစ်နှင့် မဆက်ဆံမှီ သူ့မှာ လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါ (STD) ရှိ မရှိ စစ်ဆေးပါ။
လိင်ဆက်ဆံဖော် အရေအတွက်ကို လျှော့ချပါ။
ကုသမှု
လိင်အင်္ဂါကြွက်နို့များကို ကုသရန် ဆရာဝန်နှင့် ပြသဖို့ လိုအပ်ပါတယ်။
ဆရာဝန်မှ ကြွက်နို့အတွက် လိမ်းဆေးပေးပါလိမ့်မယ်။ တွေ့ကရာဆေး လျှောက်မလိမ်းရပါ။
လိမ်းဆေးနှင့် မသက်သာပါက ဆရာဝန်မှ ခွဲစိတ်ဖို့ ညွှန်ကြားပါလိမ့်မယ်။
ကြွက်နို့များဟာ ပျောက်သွားနိုင်သော်လည်း လများစွာ ကြာပြီးနောက်မှာ ပြန်ဖြစ်လာနိုင်ပါတယ်။
ကုသလိုက်လို့ လိင်အင်္ဂါကြွက်နို့တွေ ပျောက်သွားပေမယ့် HPV ဗိုင်းရပ်စ်ကတော့ ခန္ဓာကိုယ်ထဲမှာ ဆက်လက်ရှိနေနိုင်ပြီး တစ်ခြားသူတွေကို ကူးစက်နိုင်ပါသေးတယ်။ ကိုယ်ခံအားကောင်းပါက အချိန်ကြာလာသည်နှင့်အမျှ ခန္ဓာကိုယ်က ဗိုင်းရပ်စ်ကို တိုက်ထုတ်နိုင်ပေမယ့် ကိုယ်ခံအားမကောင်းပါက အခြားရောဂါများပါ ဖြစ်လာနိုင်ပါတယ်။