ပွေး၏ လက္ခဏာများ


လူအများစုသိထားသလို ပွေးဟာ ဝိုင်းဝန်းသော ယားယံတဲ့ အကွက်များပဲ ဖြစ်ပါတယ်။  အသားဖြူတဲ့သူတွေမှာ အနီရောင် အကွက်ဖြစ်နိုင်ပြီး၊ အသားညိုတဲ့သူတွေမှာတော့ ညိုညစ်ညစ် အကွက်များ ဖြစ်နိုင်ပါတယ်။ ပွေးကွက်၏ အနားကွတ်ဟာ ဘေးက အရေပြားထက် ပိုထူနေတတ်ပါတယ်။ တခါတလေ ပွေးကွက်တွေက ထပ်နေတတ်ပါတယ်။ 


အများအားဖြင့် တစ်နေရာတည်းမှာသာ စဖြစ်လေ့ရှိသော်လည်း ယားလို့ ကုတ်ခြစ်ခြင်းကြောင့် အခြားနေရာတွေပါ ကူးစက်သွားနိုင်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့သွားနိုင်ပြီး ပေါင်ခြံနှင့် တင်ပါးမှာတော့ အဖြစ်အများဆုံးဖြစ်ပါတယ်။ တွေ့ကရာဆေးတွေ လျှောက်လိမ်းခြင်းကလည်း ပွေးကွက်များကို ပိုပွားစေနိုင်ပါတယ်။ 


ပွေးပေါက်ရခြင်း အကြောင်းအရင်း 


ပွေးဟာ မှိုပိုးကူးစက်မှုကြောင့် ဖြစ်ပွားသော အရေပြားရောဂါ တစ်မျိုးဖြစ်ပါတယ်။ ပွေးဟာ ချွေးထွက်များပြီး အရေပြားဒဏ်ရာ ရထားပါက ကူးစက်ရန် ပိုမို လွယ်ကူစေပါတယ်။ 


(၁) လူမှ တစ်ဆင့် ကူးစက်ခြင်း - ပွေးပေါက်နေသော လူနှင့် အရေပြားခြင်း တိုက်ရိုက်ထိတွေ့ခြင်းမှ ကူးစက်နိုင်ပါတယ်။ 


(၂) တိရစ္ဆာန်များမှ တစ်ဆင့် ကူးစက်ခြင်း - ပွေးရှိနေသော တိရစ္ဆာန်ကို ထိတွေ့ခြင်းဖြင့် ကူးစက်နိုင်ပါတယ်။ အထူးသဖြင့် ခွေး၊ ကြောင်များနှင့် ပွေ့ဖက် ကစားခြင်းမှ ပျံ့နှံ့မှုက ပိုများပါတယ်။ နွားတွေမှာလည်း အဖြစ်များတာကို တွေ့ရပါတယ်။ 


(၃) အရာ၀တ္ထုများမှ တစ်ဆင့် ကူးစက်ခြင်း - ပွေးပေါက်နေသော သူ (သို့မဟုတ်) တိရစ္ဆာန်များမှ မကြာသေးမီက ထိမိထားသော အရာဝတ္ထုများကို ကိုင်တွယ်မိခြင်းမှလည်း ကူးစက်နိုင်ပါတယ်။ အထူးသဖြင့်  အဝတ်အစား၊ မျက်နှာသုတ်ပဝါ၊ အိပ်ယာ၊ ခေါင်းဘီး စတဲ့ တစ်ကိုယ်ရည်သုံး ပစ္စည်းများမှတစ်ဆင့် ပိုမို ကူးစက်နိုင်ပါတယ်။ 


(၄) မြေကြီးမှ တစ်ဆင့် ကူးစက်ခြင်း - ဒါကတော့ အဖြစ်နည်းပါတယ်။ ပွေး မှိုပိုးရှိသော မြေကြီးနှင့် ကြာရှည်စွာ ထိတွေ့ခြင်းမှသာ ကူးစက်နိုင်ခြေ များတာပါ။ 


အကယ်၍ သင်က ပူသော ရာသီဥတုတွင် နေထိုင်သူ၊ အရေပြားခြင်း ထိတွေ့ရသော အားကစား ကစားသူ (ဥပမာ - နပန်းလုံးခြင်း)၊ အရမ်းကျပ်တဲ့ အဝတ်အစားများ ဝတ်ဆင်သူ နှင့် ကိုယ်ခံအားနည်းနေသူ ဆိုရင်တော့ သူများထက်ပိုပြီး ကူးစက်နိုင်ခြေမြင့်နိုင်ပါတယ်။ 


ပွေးမဖြစ်အောင် ဘယ်လို ကာကွယ်မလဲ


ကာကွယ်ရခက်ပါတယ်။ မှိုများက ဘေးပတ်ဝန်းကျင်မှာ ရှိနေတတ်ပြီး အလွယ်တကူ ကူးစက်နိုင်လို့ပါ။  


  • တိရစ္ဆာန်များကို ကိုင်ပြီးတိုင်း လက်ဆေးပါ။ ကလေးငယ်များကို ညစ်ပတ်တဲ့အရာတွေ မကိုင်မိအောင် သတိထားပါ။ ဆော့ပြီးတိုင်းလည်း သန့်ရှင်းရေးလုပ်ပေးပါ။ 

  • လက်ကို မကြာခဏဆေးပါ။ အများသုံးနေရာများ (ဥပမာ - Gym) မှ ပြန်လာတိုင်း သန့်ရှင်းရေးလုပ်ပါ။  အားကစားလုပ်ပြီးတိုင်း ရေချိုးပါ။ ချွေးထွက်များထားသော အဝတ်အစားနှင့် ဖိနပ်များကို ဆေးကြောပြီး ခြောက်သွေ့အောင် ထားပါ။ 

  • စိုစွတ်တဲ့ ရာသီဥတုမှာ အရမ်းကျပ်တဲ့ အဝတ်အစားတွေ မဝတ်ပါနဲ့။ ချွေးထွက်များရင် အဝတ်အစားကို လဲပေးပါ။ 

  • ရောဂါပိုးရှိသော တိရစ္ဆာန်များကို ရှောင်ကြဉ်ပါ။ အိမ်မွေးတိရစ္ဆာန်များကိုလည်း ပွေးရှိ မရှိ တိရစ္ဆာန်ဆရာဝန်နှင့် ပြသပါ။ 

  • အဝတ်အစား၊ မျက်နှာသုတ်ပုဝါ၊ ခေါင်းဘီး စတဲ့ တစ်ကိုယ်ရေသုံး ပစ္စည်းများကို မျှမသုံးပါနဲ့။ 


ပွေးကို ဘယ်လိုကုသမလဲ


သာမာန် ပွေးကူးစက်မှုကို မှိုသတ်လိမ်းဆေး လိမ်းရုံဖြင့် သက်သာနိုင်ပါတယ်။ ပိုမိုပြင်းထန်တဲ့ ကူးစက်မှုများအတွက်တော့ အရေပြားဆရာဝန်နှင့် သေချာပြပြီး လိမ်းဆေးအပြင် သောက်ဆေးကိုပါ ရက်ပေါင်းများစွာကြာအောင် သောက်ဖို့ လိုအပ်ပါတယ်။ 


တော်တော်ရှားရှားဆိုပေမယ့် မကုသဘဲ ထားပါက တဖြည်းဖြည်းနှင့် ပိုဆိုးလာပြီး မှိုပိုးက အရေပြားအတွင်းထဲသို့ ရောက်သွားကာ ဖျားနာနိုင်ပါတယ်။ ကိုယ်ခံအား စနစ်အားနည်းတဲ့ HIV/AIDS ဝေဒနာရှင်များကတော့ ထိုရောဂါပိုးကို ဖယ်ရှားဖို့ ခက်ခဲနိုင်ပါတယ်။