ကိုယ်ဝန်ဆောင်မေမေတို့ရေ ဗိုက်ကလေးကို ပွတ်ပြီး သီချင်းဆိုပြတာတို့ စကားပြောတာတို့ လုပ်လေ့ရှိကြတယ်မလား။ ဒါပေမယ့် အဲ့လိုလုပ်ခြင်းက ကလေးအတွက် တကယ်ထိရောက်မှု ရှိ မရှိ ဆိုတာကိုတော့ သေချာမသိကြဘူးဟုတ်။
ဗိုက်ထဲက ကလေးလေးကို ဘာကြောင့် သီချင်းဆိုပြသင့်တာလဲ ?
အသံကျယ်ကျယ် စာဖတ်ပြခြင်း၊ စကားပြောခြင်း၊ သီချင်း ဆိုပြပေးခြင်းဖြင့် မေမေတို့ရဲ့ အသံကို ဘေဘီလေးတို့က ရင်းနှီးလာပါတယ်။
ကလေးအတွက်သာမက မိခင်တွေအတွက်ပါ အကျိုးရှိပါတယ်။ သီချင်းဆိုခြင်းနှင့် စာဖတ်ခြင်းက ကိုယ်ဝန်ဆောင်ချိန်အတွင်း စိတ်ဖိစီးမှုကို ပြေလျော့စေတဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။
(၈)လ ကြာပြီးနောက်မှာ ကလေးက ဘာသာစကားအချို့ကို မှတ်နိုင်တဲ့အတွက်ကြောင့် မွေးဖွားပြီးတဲ့အချိန်မှာ ဘာသာစကားဖွံ့ဖြိုးမှုက စောစီးစွာ တိုးတက်လာနိုင်ပါတယ်။
ကိုယ်ဝန် ဘယ်နှလမှာ ကလေးကကြားနိုင်လဲ ?
ကိုယ်ဝန် (၄)လခွဲလောက်မှာ ကလေးလေးက အပြင်မှ တိတ်ဆိတ်သော အသံများ၊ မေမေတို့ရဲ့ ခန္ဓာကိုယ် အတွင်းမှ အသံများနှင့် နှလုံးခုန်သံများကို ကြားနိုင်နေပါပြီ။
(၁၈) ပတ်ကြာတဲ့ အခါမှာ ကလေးလေးရဲ့ နားလေးတွေက စတင်ဖွံ့ဖြိုးလာပါပြီ။ (၂၃)ပတ် အကြာမှာတော့
မေမေတို့ရဲ့ အသံကို ကြားနိုင်ပြီး (၂၄)ပတ်လောက်မှာ ထိုအသံတွေကို တုံ့ပြန်လာနိုင်ပါပြီ။ ဒါကြောင့် ကလေးလေးတွေက မွေးလာပြီဆိုတာနဲ့ မေမေတို့ရဲ့ အသံကို မှတ်မိနေတတ်ကြပါတယ်။ မိခင်နဲ့ ခိုင်မြဲတဲ့ တွယ်တာမှုတစ်ခုကို မမွေးခင်ကတည်းက ဖန်တီးထားနိုင်ပါတယ်။
မမွေးခင်က ကြားရတဲ့ သီချင်းသံကို မွေးပြီး ပြန်ကြားရတဲ့အခါမှာ မှတ်မိနေပြီး နိုးကြားတက်ကြွတဲ့ပုံစံ နဲ့ တုံ့ပြန်တတ်ကြပါတယ်။ ဒါကြောင့် မမွေးခင် နားထောင်တဲ့သီချင်းအမျိုးအစားက မွေးဖွားပြီးနောက် ကလေးလေးတွေရဲ့ အကြိုက်ဆုံး ဖြစ်လာတတ်ပါတယ်။