သားအိမ်ခေါင်းကင်ဆာဆိုတာ လိင်ကတဆင့် ကူးစက်တဲ့ human papillomavirus (HPV) ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတဲ့ ကင်ဆာ အမျိုးအစားပဲ ဖြစ်ပါတယ်။
ပုံမှန်အားဖြင့် HPV ဗိုင်းရပ်စ် ကူးစက်ခံရလျှင် ခန္ဓာကိုယ်၏ ခုခံအားစနစ်က အန္တရာယ်မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ သို့သော် လူအနည်းငယ်မှာတော့ ဗိုင်းရပ်စ်က သားအိမ်ခေါင်းဆဲလ်ထဲမှာ နှစ်ပေါင်းများစွာ ရှင်သန်နေနိုင်ပြီး ကင်ဆာဆဲလ်အဖြစ် ပြောင်းလဲသွားတတ်ပါတယ်။
သားအိမ်ခေါင်းကင်ဆာက ဗိုင်းရပ်စ်ကူးစက်ခံရပြီး နှစ်ပေါင်းများစွာ ကြာမှသာ ဖြစ်တာကြောင့် ကင်ဆာအဖြစ်မပြောင်းမှီ သားအိမ်ခေါင်းစစ်ဆေးမှုကို မကြာခဏပြုလုပ်ပေးသင့်ပါတယ်။
သားအိမ်ခေါင်းကင်ဆာ၏ လက္ခဏာများ
အစောပိုင်းအဆင့် သားအိမ်ခေါင်းကင်ဆာက လက္ခဏာ မပြပါ။ မကုသဘဲ နှစ်တွေကြာပြီး ပြင်းထန်လာလျှင်တော့
လိင်ဆက်ဆံပြီးနောက် သွေးပါတတ်ခြင်း၊ ရာသီလာချိန် မတိုင်ခင် နှင့် သွေးဆုံးပြီးနောက်တွင် မိန်းမကိုယ်မှ သွေးဆင်းနေတတ်ခြင်း
အနံ့ဆိုးထွက်တဲ့ အဖြူဆင်းခြင်း
ခါးအောက်ပိုင်း၊ တင်ပဆုံရိုးများ နှင့် ဝမ်းဗိုက်အောက်ပိုင်း နာကျင်ခြင်း
လိင်ဆက်ဆံစဉ် နှင့် ဆက်ဆံပြီးနောက်တွင် ဆီးစပ်နာကျင်ခြင်း
အထက်ပါ လက္ခဏာတွေဖြစ်တိုင်း သားအိမ်ခေါင်းကင်ဆာကြောင့်လို့ မဆိုနိုင်ပေမယ့် ဖြစ်လာပြီဆိုရင်တော့ ဆရာဝန်နှင့် အမြန်ဆုံးပြသပါ။
သားအိမ်ခေါင်းကင်ဆာ ဖြစ်ရခြင်း အကြောင်းအရင်းများ
သားအိမ်ခေါင်းကင်ဆာက HPV ဗိုင်းရပ်စ်ကြောင့် ဖြစ်နိုင်ပေမယ့် HPV ဗိုင်းရပ်ပ် ကူးစက်ခံရတိုင်းလည်း ကင်ဆာတော့ မဖြစ်နိုင်ပါဘူး။ သားအိမ်ခေါင်းကင်ဆာကို ပိုအားပေးတဲ့ တခြားအကြောင်းအရာများကတော့
လိင်ဆက်ဆံဖော်များခြင်း - သင့်လိင်ဆက်ဆံဖော်အရေအတွက် များခြင်း (သို့) သင့်လက်တွဲဖော်၏ လိင်ဆက်ဆံဖော်အရေအတွက် များခြင်း
လိင်မှတဆင့်ကူးစက်သောရောဂါများ (STD) ရှိခြင်း - ကာလသားရောဂါများဖြစ်သော ကလမိုင်ဒီယာ၊ ဆီးပူညောင်းကျရောဂါ၊ ဆစ်ဖလစ်နှင့် HIV/AIDS များရှိနေခြင်း
ငယ်ရွယ်စဉ် လိင်ဆက်ဆံခြင်း - အသက် 16 နှစ်မတိုင်မီ (သို့) ရာသီသွေး စဆင်းပြီး တစ်နှစ်အတွင်း လိင်ဆက်ဆံခြင်း
စအို (သို့) ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း၊ လိင်ဆက်ဆံတဲ့ အရုပ်များကို မျှဝေ အသုံးပြုခြင်း
သန္ဓေတားဆေးကို (၅) နှစ် အထက် ကြာအောင်သောက်ခြင်း
ကိုယ်ခံအားနည်းခြင်း
ဆေးလိပ်သောက်ခြင်း
ကိုယ်ဝန်ခိုင်ဆေးသုံးခြင်း - သင့်အမေက သင့်ကို ကိုယ်ဝန်ဆောင်စဉ် ကိုယ်ဝန်ခိုင်ဆေး သုံးခဲ့လျှင် သင့်မှာ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေ ပိုမြင့်နိုင်ပါတယ်။
သားအိမ်ခေါင်းကင်ဆာ မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ
ကာကွယ်ဆေးထိုးပါ။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးခြင်းဖြင့် HPV ဗိုင်းရပ်စ်ကြောင့်ဖြစ်သော လိင်အင်္ဂါ ကြွက်နို့နှင့် တစ်ခြားအရေပြားရောဂါများ ဖြစ်နိုင်ခြေကိုလည်း လျှော့ချနိုင်ပေးနိုင်ပါတယ်။
အသက် (၂၅) နှစ် အထက် အမျိုးသမီးများ သားအိမ်ခေါင်း စစ်ဆေးမှု (Pap tests) ကို ပုံမှန်လုပ်ပါ။ ကင်ဆာအဆင့်ထိ မရောက်ခင် ကြိုတင်သိရှိပြီး ကုသနိုင်ပါတယ်။
လိင်ဆက်ဆံတိုင်း ကွန်ဒုံးအသုံးပြုပြီး လိင်ဆက်ဆံဖော် အရေအတွက်ကို လျှော့ချပါ။ လိင်မှတဆင့်ကူးစက်သော ကူးစက်ရောဂါများ (STD) ကို ကာကွယ်ရာ ရောက်သလို သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေကိုလည်း လျှော့ချနိုင်ပါတယ်။
ဆေးလိပ်မသောက်ပါနဲ့။ မသောက်တတ်သေးရင် အစမလုပ်ပါနဲ့။ စွဲနေရင် ဖြတ်နိုင်အောင် ကြိုးစားပါ။