စိတ်ကြီးဝင်စိတ် ဘဝင်မြင့်စိတ် (Superiority Complex) အကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ စာဖတ်ပရိတ်သတ်တွေထဲမှာရော စိတ်ကြီးဝင်နေတဲ့သူတွေ ရှိပါသလား။ 


ဘဝင်မြင့်စိတ်ဆိုတာ ဘာလဲ ?


Superiority Complex (ဘဝင်မြင့်စိတ်) ဆိုတာ အလိုလို သူတို့ကိုသူတို့  အခြားသူများထက် သာလွန်နေတယ်လို့ ခံစားရပြီး သွေးနားထင်ရောက်နေတာမျိုးကို ခေါ်တာပါ။ အရပ်စကားနဲ့ ပြောရရင် ဘဝင်ရူးပေါ့။ 


ဘာကြောင့် ဖြစ်ရတာလဲ ?

 

ဘဝင်မြင့်စိတ်ဟာ သိမ်ငယ်စိတ် (အငုံ့စိတ်) ကို ဖုံးကွယ်ရင်းကနေ ဖြစ်လာတာပါ။ ဘဝင်မြင့်စိတ်ရှိတဲ့သူတွေက မကြာခဏ ကိုယ်ရည်သွေးပြီး ကြွားဝါးနေတတ်ကြပါတယ်။ သူတစ်ပါးအပေါ် မကောင်းမြင်စိတ်နဲ့ အပြစ်ပဲ ပြောတတ်ပြီး မချီးကျူးတတ်ကြပါဘူး။ တကယ်တော့ အဲ့လိုဖြစ်ရခြင်းက သူတို့ရဲ့ ချို့ယွင်းချက်၊ သိမ်ငယ်စိတ်နှင့် ရှုံးနိမ့်မှုများကို ဖုံးကွယ်ချင်လို့ပဲ ဖြစ်ပါတယ်။ မနာလိုစိတ်ရှိပြီး စိတ်ပိုင်းဆိုင်ရာ အားနည်းမှုတွေပေါ့။ 


ဘ၀မှာ အရှုံးနဲ့ ရင်ဆိုင်ရတဲ့ အခါ လက်မခံနိုင်ဘဲ ငါဟာ သူများထက် အမြဲသာတယ်လို့ တွေးပြီး အဖြစ်မှန်ကနေ ရှောင်ပြေးလိုက်တဲ့အခါမှာ ဘဝင်မြင့်စိတ်က ပိုဆိုးလာတတ်ပါတယ်။ 


ဘဝင်မြင့်စိတ်ရဲ့ လက္ခဏာတွေက ?


  • အမြဲတမ်း ကြွားဝါခြင်း

  • မိမိကိုယ်ကို တစ်ခြားသူများနဲ့ အမြဲနှိုင်းယှဉ်ခြင်း 

  • ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းခြင်း

  • ဩဇာ အာဏာ ပြလိုခြင်း

  • မိမိမှားကြောင်း လက်ခံဖို့ ခက်ခြင်း  

  • သူတစ်ပါး၏ စကားကို နားထောင်လိုစိတ် မရှိခြင်း

  • စိတ်အပြောင်းအလဲ မြန်ခြင်း 

  • ကိုယ့်ကိုယ်ကိုယ် လေးစားမှု နည်းပါးခြင်း နှင့် သိမ်ငယ်စိတ် ရှိခြင်း


ဘဝင်မြင့်စိတ်၏ ဆိုးကျိုးများ ? 


ဘဝင်မြင့်စိတ်ဟာ ချစ်ခင်ရတဲ့သူတွေကို ဆုံးရှုံးရတတ်ပြီး လူမှုဘ၀ ပတ်ဝန်းကျင်ကိုလည်း ထိခိုက်စေပါတယ်။ အများကလည်း ကိုယ့်ကိုကို အထင်အမြင် သေးစေပါတယ်။ 


ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုကို အချိန်ယူပြီး တည်ဆောက်ပါ။ ကိုယ့်ရဲ့ အရည်အချင်းတွေကို လွန်ကဲစွာ မသတ်မှတ်ဘဲ အရှိကို အရှိတိုင်း လက်ခံနိုင်အောင် ကြိုးစားပါ။ မိမိကိုယ်ကို အထင်ကြီးမှု ကြောင့် ပန်းတိုင်ရောက်ဖို့ လုံလောက်တဲ့ ကြိုးစားအားထုတ်မှု မပြုဘဲ အရှုံးနဲ့ပဲ အမြဲကြုံရတတ်ပါတယ်။ 


ဘယ်လိုကျော်ဖြတ်မလဲ ? 


  • ချဲ့ကားခြင်းမရှိဘဲ ကိုယ့်ရဲ့ တကယ့် အရည်အချင်းတွေကိုပဲ တွေးပါ။ 

  • အရာရာတိုင်း အဆိုးနဲ့ အကောင်းကို ဟန်ချက်ညီအောင် တွေးပါ။ 

  • တခြားသူတွေရဲ့  အောင်မြင်မှုတွေအပေါ်  သင်ဘယ်လိုခံစားရလဲ စမ်းစစ်ပါ။ သူတို့အတွက် ပျော်လား၊ မနာလိုဘူးလား။ မကောင်းမြင်စိတ်တွေကို ဖယ်ပြီး သူတို့အတွက် ဝမ်းသာပီတီ ဖြစ်နိုင်အောင် ကြိုးစားပါ။

  • လူတိုင်းကို အဆိုးမြင်စိတ်တွေနဲ့ မဝေဖန်ဘဲ အကောင်းမြင်စိတ်နဲ့ ချီးကျူးပေးပါ။ 

  • အမှားတွေကို လက်ခံပြီး ကိုယ့်ကိုကို ခွင့်လွှတ်နိုင်အောင် ကြိုးစားပါ။ 


ဘဝင်မြင့်စိတ်ဟာ စိတ်ပိုင်းဆိုင်ရာ နာကျင်ခြင်းရဲ့ ရလဒ်တစ်ခု ဖြစ်တာကြောင့် မသိစိတ်ထဲမှာ ကိန်းအောင်းနေတတ်ပါတယ်။ ဒါကြောင့် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး အတွင်းစိတ်ကို ပြုပြင်ပြောင်းလဲနိုင်အောင် ကြိုးစားပါ။