သင့်မှာ Inferiority Complex ဆိုတဲ့ မိမိကိုယ်မိမိ သိမ်ငယ်တဲ့စိတ် (အငုံ့စိတ်) ရှိနေပြီလို့ ခံစားနေရပါသလား။ 

 

အငုံ့စိတ် ဘာကြောင့် ဖြစ်ပေါ်လာရတာလဲ ?

 

သိမ်ငယ်စိတ်သည် လူတစ်ဦး၏ အတွေ့အကြုံများကြောင့် ဖြစ်ပေါ်လာတာပါ။  ကလေးဘဝအတွေ့အကြုံများ၊ အရွယ်ရောက်လာတာနဲ့ အမျှ ရရှိခဲ့တဲ့ အတွေ့အကြုံများ၊ ပင်ကိုယ်စရိုက်များကနေ အစပြုလာတာပါ။ 

  • ကလေးဘ၀ အပယ်ခံရတဲ့ သူတွေ 

  • လှောင်ပြောင်ခံ ခဲ့ရတဲ့သူတွေ

  • မိဘများက လျစ်လျူရှု ခံခဲ့ရသူတွေ

  • မိဘနဲ့ ပတ်ဝန်းကျင်က အပြစ်တင်လွန်းပြီး လူရှေ့ အရှက်ခွဲခံ ရသောသူတွေ 

  • ရည်မှန်းချက် ဆန္ဒတွေ ဖြစ်မလာဘဲ ကျရှုံးသွားသူတွေ 

  • စီးပွားပျက်သွားသူတွေ 

  • အားအကိုးရဆုံး အချစ်ဆုံးသူကို ဆုံးရှုံးရသူတွေမှာ အငုံ့စိတ်က တစ်ဖြည်းဖြည်းနဲ့ ကြီးထွားလာနိုင်ပါတယ်။ 

 

အငုံ့စိတ်ရဲ့ လက္ခဏာတွေက ? 

 

အငုံ့စိတ်ရှိ မရှိကို ဘယ်လိုသိနိုင်လဲ ပုံမှန်အားဖြင့်တော့ သင်ဟာ ကိုယ့်ကိုယ်ကို အထင်ကြီးလေးစားမှု နည်းပါးပြီး အဆိုးမြင်တဲ့ စိတ်တွေနဲ့ လွှမ်းမိုးနေတတ်ပါတယ်။ တစ်ခါတစ်ရံမှာ လက္ခဏာတွေက သိပ်မသိသာပေမယ့်

 

  • စိတ်မလုံခြုံမှုနှင့် မိမိကိုယ်ကို တန်ဖိုးထားမှုနည်းပါးခြင်း

  • လွယ်လွယ်နဲ့ အရှုံးပေးချင်တဲ့ စိတ်ရှိခြင်း 

  • လူတွေနဲ့ စကားပြောရမှာကို ကြောက်ရွံ့နေတတ်ခြင်း 

  • ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိခြင်း

  • စိုးရိမ်စိတ်များပြီး စိတ်ဓာတ်ကျလွယ်ခြင်း 

  • ဝေဖန်မှုတွေကို မခံနိုင်ခြင်း 

  • ချီးကျူးစကားတွေကို လက်မခံနိုင်ခြင်း 

  • သူတစ်ပါးကို အပြစ်ရှာတတ်ခြင်း 

  • အမှားတွေကို ဝန်ခံဖို့ ခက်ခြင်း 

  • အသေးအမွှားကိစ္စလေးကို ကြီးကြီးကျယ်ကျယ် တွေးတောတတ်ခြင်း

  • သူများတကာရဲ့ ကြိုးကိုင်မှုကို အလွယ်တကူ ခံရတတ်ခြင်း

  • တစ်ခြားသူကို မယုံဘဲ အမြဲ သံသယများနေခြင်း 

 

အငုံ့စိတ်ကို ဘယ်လို ကျော်ဖြတ်ရမလဲ ?

 

သိမ်ငယ်မှု (အငုံ့စိတ်)တွေဟာ သင့်ရဲ့ လူမှုဘ၀တွင်သာမက သင့်ပတ်ဝန်းကျင်က သူတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ အငုံ့စိတ်ကြီးထွားလာခြင်းက စိုးရိမ်လွန်ခြင်းနှင့် စိတ်ဓာတ်ကျခြင်းကဲ့သို့ စိတ်ကျန်းမာရေးချို့ယွင်းမှုများကို ဖြစ်ပေါ်စေနိုင်သောကြောင့် ကုသဖို့ လိုအပ်ပါတယ်။ 

 

အငုံ့စိတ်ကို ကျော်လွှားချင်ရင် အချိန်၊ အားထုတ်မှုနဲ့ စိတ်ရှည်မှုဟာ အလွန်လိုအပ်ပါတယ်။

 

တရားထိုင်ပါ

စိုးရိမ်စိတ်တွေများပြီး စိတ်ပူပန်မှု ခံစားရပါက အေးချမ်းသာယာမှုကို ရှာဖွေဖို့ လိုအပ်ပါတယ်။ တရားထိုင်ခြင်းက စိတ်ကိုလျှော့စေပြီး သင့်ကိုယ်သင် အာရုံစိုက်နိုင်ဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။  

 

အပြုသဘောဆောင်သော စကားများကို မိမိကိုယ်ကို ပြန်ပြောပါ

တစ်ခြားသူများ သင့်အကြောင်းပြောမှာကို စိုးရိမ်နေတဲ့ စိတ်ကို ရပ်တန့်လိုက်ပါ။ နေ့တိုင်း ကိုယ့်ကိုကိုယ် ကြင်နာပြီး ဘယ်သူနဲ့မှ မနှိုင်းယှဉ်ပါနဲ့။ မနက်အိပ်ရာနိုးတိုင်း အပြုသဘောဆောင်တဲ့ တွေးခေါ်မှုတွေနဲ့ စတင်ပြီး ကိုယ့်ရဲ့ အားသာချက်တွေကို ကိုယ့်ကိုကို ပြန်ပြောပါ။ 

 

အကောင်းမြင်တဲ့သူများနဲ့သာ ပေါင်းပါ

မိမိကိုယ်ကို လေးစားမှုရှိရန် အပြုသဘောဆောင်သော လူများဖြင့်သာ သင့်ပတ်ဝန်းကျင်ကို ဝန်းရံထားပါ။ အားပေးချီးမြှောက်တဲ့ လူတွေကြားထဲမှာ သင်ဟာ အမှားတွေကို အလွယ်တကူ လက်ခံနိုင်လာပါလမ့်မယ်။ 

 

သင့်ဘ၀ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ

လူတွေနဲ့ ရဲရဲဝံ့ဝံ့ ရိုးသားစွာ ပွင့်ပွင့်လင်းလင်း ပြောဆို ဆက်ဆံပါ။ တိုးတက် အောင်မြင်အောင် လုပ်ပါ။ ဝါသနာ အသစ်တခုခုကို ရှာဖွေပါ။ ဘ၀မှာ အကြောက်ဆုံး သိမ်ငယ်မှုကို သိအောင်လုပ်ပြီး ကြံ့ကြံ့ခိုင် ရင်ဆိုင်ပါ။ မိမိကိုယ်ကို အရှိကို အရှိတိုင်း လက်ခံနိုင်အောင် ကြိုးစားပါ။ 

 

လူတော်တော်များများဟာ သူတို့ရဲ့ စိတ်မလုံခြုံမှုတွေနဲ့ နေ့စဉ်နှင့်အမျှ တိုက်ပွဲဝင်နေကြပါတယ်။ ဝမ်းနည်းမှုနဲ့ မျှော်လင့်ချက်မဲ့မှုတွေကြောင့် သင့်ကိုယ်သင် ဆုံးရှုံးဖို့ မလိုအပ်ပါဘူး။ မိမိကိုယ်ကို ကြိုးစားပြင်ကြည့်လျက်နဲ့ မသက်သာဘဲ ပိုဆိုးလာပါက သင့်ကို အပြည့်အ၀နားလည်ပေးနိုင်မယ့် စိတ်ကျန်းမာရေး ဆရာဝန်နှင့် ပြသသင့်ပါတယ်။ 

 

My-Medicine မှ စိတ်ကျန်းမာရေးဆရာဝန်ကြီးများနှင့် ပြသလိုပါက ဤလင့်ခ်ကို နှိပ်၍ www.mymedicine.com.mm ဆေးကုသမှု ခံယူနိုင်ပါပြီ။ ထို့အပြင် ဖုန်းနံပါတ် 09-980-635-588 ကို ဆက်သွယ်ပြီး တိုင်ပင်ဆွေးနွေးနိုင်သလို ကျန်းမာရေးအတွက် လိုအပ်သော ဆေးဝါးများ ကိုလည်း KBZPay Market မှာ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်။ ဆေးများကို တစ်နိုင်ငံလုံး အိမ်အရောက်ပို့ ဝန်ဆောင်မှုဖြင့် ပို့ဆောင်ပေးနေပါပြီ။