တစ်ခုခုကို ထပ်ခါထပ်ခါ ပြုမူပြောဆိုတတ်တဲ့ လူတွေကို တွေ့ဖူးကြပါသလား။ သို့မဟုတ် သင်ကိုယ်တိုင်ပဲ ဖြစ်နေပါသလား။ ထိုကဲ့သို့ ထပ်တလဲလဲ အကျင့်များ နှင့် စိတ်ပိုင်းဆိုင်ရာ အပြုအမူများက အစွဲအလမ်းကြီးခြင်းရဲ့ လက္ခဏာ (Obsessive-compulsive disorder OCD) တွေပဲ ဖြစ်ပါတယ်။ တစ်ခုခုကို ထပ်ခါတလဲလဲ ပြုလုပ်နေမိပြီး မလိုလားအပ်သော အတွေးများ၊ အနှောင့်အယှက်ဖြစ်စေသော စိတ်ပူပန်မှုများက နေ့စဉ်လုပ်ရိုးလုပ်စဉ်နှင့် လူမှုရေး၊ ကျောင်း၊ အလုပ်တို့ကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။
တံခါးလော့ခ်များ၊ အချက်ပေးစနစ်များ၊ မီးဖိုများ နှင့် မီးခလုတ်များ ပိတ်လိုက်တာကို အကြိမ်ကြိမ် စစ်ဆေးမိခြင်း
ပစ္စည်းတစ်ခုခု ကိုင်ပြီးတိုင်း မကြာခဏ လက်ဆေးခြင်း
အရာဝတ္ထုများက ကိုယ်ထားသလို စည်းစနစ်မကျရင် စိတ်တိုလာခြင်း
စကားတစ်ခွန်းကို ထပ်ခါထပ်ခါ ပြောမိနေခြင်း၊ မသေချာ မရေရာမှု ခဏခဏ ဖြစ်ခြင်း
မိမိကိုယ်တိုင် (သို့မဟုတ်) တစ်ခြားသူများ ထိခိုက်မိမှာကို စိုးရိမ်လွန်ခြင်း
လက်တွဲဖော်ကို ယုံကြည်မှုမထားနိုင်ဘဲ တစ်ချိန်လုံး သံသယဝင်နေတတ်ခြင်း စတဲ့ အကျင့်များ သင့်မှာ ရှိနေတယ်ဆိုရင်တော့ သင်ဟာ အစွဲအလမ်းကြီးတဲ့ လူတစ်ယောက် ဖြစ်နေပါပြီ။
စွဲလမ်းခြင်းဟာ များသောအားဖြင့် ဆယ်ကျော်သက် အရွယ်တွင် စတင်သော်လည်း ကလေးဘဝမှာလည်း ဖြစ်နိုင်ပါတယ်။ လက္ခဏာများဟာ ဘဝတစ်လျှောက်လုံးမှာ စိတ်ဖိစီးမှု ပိုများလာတဲ့အခါ တစ်ဖြည်းဖြည်းနဲ့ ပိုဆိုးလာနိုင်ပါတယ်။
အစွဲအလမ်းကြီးရခြင်း အကြောင်းအရင်း
ကျွမ်းကျင်ပညာရှင်များက အတိအကျ မဖော်ပြနိုင်သေးပေမယ့် ဖြစ်နိုင်ခြေတွေကတော့ -
ကလေးဘ၀တုန်းက စိတ်ပိုင်းဆိုင်ရာ (သို့) ရုပ်ပိုင်းဆိုင်ရာ စိတ်ထိခိုက်စရာများ၊ စိတ်ဒဏ်ရာများ ကြုံတွေ့ခဲ့ဖူးသောကြောင့်
အစွဲအလမ်းကြီးတဲ့ အကြောက်တရားနဲ့ အတင်းအကြပ် အပြုအမူတွေရှိတဲ့ မိသားစုဝင်များကြောင့်
မွေးရာပါ ဦးနှောက်၏ အချို့သော အစိတ်အပိုင်းများ ကွဲပြားမှုကြောင့်၊ မျိုးရိုးဗီဇကြောင့်
စိတ်ကျန်းမာရေး ချို့ယွင်းမှုများ ကြောင့် ဖြစ်နိုင်ပါတယ်။
စွဲလမ်းမှုကြောင့် ဖြစ်ရတဲ့ ဆိုးကျိုးများ
ထပ်တလဲလဲ အပြုအမှု အပြောအဆိုများကြောင့် မလိုအပ်ဘဲ အချိန်တွေ ကုန်ဆုံးခြင်း
မကြာခဏ လက်ဆေးခြင်းမှ အရေပြားရောင်ရမ်းတတ်ခြင်း
အလုပ်၊ ကျောင်း၊ လူမှုရေး လုပ်ငန်းများတွင် ပါဝင်ရန် ခက်ခဲခြင်း
ပေါင်းသင်းဆက်ဆံရေး အဆင်မပြေဖြစ်ခြင်း၊ လူနေမှုဘဝ ညံ့ဖျင်းခြင်း
သေကြောင်းကြံစီဖို့ မကြာခဏ အတွေးပေါ်ခြင်း တို့ ဖြစ်နိုင်ပါတယ်။
ကုသမှု
အနားယူခြင်း၊ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း နှင့် လေ့ကျင့်ခန်း လုပ်ခြင်းက စိတ်ဖိစီးမှုများကို လျှော့စေပြီး စွဲလမ်းခြင်း လက္ခဏာများကို သက်သာစေနိုင်ပါတယ်။
စိတ်ကို ပြောင်းလဲဖို့အတွက် စာကောင်းပေကောင်း များများဖတ်ပါ။ အကောင်းမြင်စိတ်ထားပါ။
စိုးရိမ်ကြောင့်ကြမှုများတဲ့စိတ်ကို အတတ်နိုင်ဆုံး ထိန်းပါ။ မိမိကိုယ်ကို ယုံကြည်မှု ထားပါ။
ထပ်တလဲလဲ လုပ်မိနေတာကို သတိထားပြီး ဆင်ခြင်ပါ။
အကယ်၍ အစွဲအလမ်းကြီးခြင်းကို ကြိုးစားပြုပြင်သော်လည်း မသက်သာဘဲ ပိုဆိုးလာပါက စိတ်ကျန်းမာရေး ဆရာဝန်ဖြင့် စိတ်ကုထုံးခံယူခြင်း (သို့) ဆေးဝါးများဖြင့် အမြန်ဆုံး ကုသမှုခံယူပါ။