HIV သည် ကိုယ်ခံအားကျဆင်းစေသော ဗိုင်းရပ်စ်ပိုးဖြစ်ပြီး AIDS (Acquired immunodeficiency Syndrome) သည် ၎င်းဗိုင်းရပ်ပိုးကြောင့် ဖြစ်သော ကူးစက်ရောဂါ ဖြစ်သည်။ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသော ရောဂါပိုးများကို ခုခံတိုက်ဖျက်ပေးသည့် ကိုယ်ခံအားစနစ်ကို HIV ဗိုင်းရပ်စ်ပိုးက ဖျက်စီးလိုက်ပါတယ်။ ဒါကြောင့် HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီးနောက် ဆေးမသောက် မကုသဘဲ နေမယ်ဆိုရင် အချိန်ကြာလာတာနဲ့ အမျှ သေစေနိုင်သည့် AIDS ကူးစက်ရောဂါကို ဖြစ်စေပါတယ်။
ဘယ်လိုကူးစက်နိုင်လဲ
HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတဲ့သူ၏ ခန္ဓာကိုယ်မှ ထွက်တဲ့ အရည်များဖြင့် ထိတွေ့မိခြင်းကြောင့် ကူးစက်နိုင်ပါတယ်။
အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းမှ ကူးစက်နိုင်ခြင်း
ရောဂါပိုးရှိသော သူ၏ သွေးဖြင့် ထိတွေ့မိခြင်း
ဆေးထိုးအပ်များ မျှဝေ သုံးစွဲခြင်း
ကိုယ်ဝန်ဆောင်ချိန်၊ ကလေးမွေးဖွားချိန်၊ နို့တိုက်ကျွေးစဉ်အတွင်း မိခင်မှ ကလေးသို့ ကူးစက်နိုင်ခြင်း
သာမန်ထိတွေ့မှုကနေ HIV ပိုးမကူးစက်နိုင်ပါ။ ရောဂါပိုးရှိသူနှင့် ပွေ့ဖက်ခြင်း၊ ကခုန်ခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်း၊ အိပ်ယာတူတူသုံးခြင်း၊ အစားတူတူစားခြင်း တို့ဖြင့် မကူးစက်နိုင်ပါ။
အလွယ်တကူ ကူးစက်နိုင်သော အမူအကျင့်များ
စအိုမှ လိင်ဆက်ဆံခြင်းက HIV ပိုး ပိုမိုကူးစက်နိုင်ပါတယ်။ လိင်ဆက်ဆံဖော်များစွာရှိလျှင်လည်း HIV ကူးနိုင်ခြေ တိုးနိုင်ပါတယ်။ လိင်ဆက်ဆံခြင်းမှ တစ်ဆင့် ကူးစက်တဲ့ရောဂါ (STD) ဖြစ်နေလျှင် လိင်အင်္ဂါတွင် ပေါက်နေသော အနာများရှိသည့်အတွက်ကြောင့် ခန္ဓာကိုယ်ထဲသို့ HIV ပိုး အလွယ်တကူ ပို၍ ဝင်ရောက်နိုင်ပါတယ်။
ဘယ်လိုကုသနိုင်လဲ
HIV ဗိုင်းရပ်စ်ပိုး တစ်ခါ ကူးစက်ခံရပါက ခန္ဓာကိုယ်အတွင်းမှာ တစ်သက်လုံးရှိနေမည် ဖြစ်သည်။ အရှင်းပျောက်အောင် မကုသနိုင်သော်လည်း ဆေးပုံမှန်သောက်ခြင်းဖြင့် HIV ဗိုင်းရပ်စ် ပြန့်ပွားမှုကို ထိန်းချုပ်ပေးနိုင်ပါတယ်။ စောစီးထိရောက်စွာ ဆေးကုသမှု ခံယူပါက AIDS အဆင့်ထိ မရောက်သွားဘဲ သက်ရှည်ကျန်းမာစွာ သက်တမ်းစေ့ နေထိုင်နိုင်ပြီး တစ်ပါးသူသို့ ကူးစက်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။
အကယ်၍ ဆေးကုသမှု မခံယူဘဲ AIDS အဆင့်ထိ ရောက်သွားပါက ပုံမှန်အားဖြင့် ၃ နှစ်လောက်ပဲ အသက်ရှင်နိုင်ပါတယ်။ လက္ခဏာများ ပိုမိုပြင်းထန်လာပါက သက်တမ်းသည် (၁) နှစ်ခန့်အထိ ကျဆင်းသွားနိုင်ပါတယ်။ ဒါကြောင့် စောစီးစွာ ဆေးကုသမှု ခံယူနိုင်ဖို့က အလွန်အရေးကြီးပါတယ်။ မိမိကိုယ်ကို သံသယရှိတာနဲ့ (၆)လတစ်ကြိမ် (သို့) တစ်နှစ်တစ်ကြိမ် သွေးစစ်သင့်ပါတယ်။
ရောဂါလက္ခဏာများ
အများစုမှာ လက္ခဏာပြဖို့ နှစ်နဲ့ချီ ကြာနိုင်တဲ့ အတွက်ကြောင့် သွေးမစစ်မချင်း HIV ကူးစက်ခံရတယ်ဆိုတာကို သေချာ မသိနိုင်ပါဘူး။ ဆေးကုသမှုမခံယူတဲ့အခါ အဆင့် (၃) ဆင့်အထိ ဖြစ်နိုင်ပါတယ်။
ပထမအဆင့် (Acute HIV)
အချို့က ကူးစက်ခံရပြီး (၂)ပတ်မှ (၄)ပတ်အတွင်း တုပ်ကွေးကဲ့သို့ ဖျားနာနိုင်ပါတယ်။ ထို့အပြင်
ခေါင်းကိုက်ခြင်း
ကြွက်သားများ နာကျင်ကိုက်ခဲခြင်း
အနီကွက်များထွက်ခြင်း
လည်ချောင်းနာခြင်း၊ ပါးစပ်မှာ အနာများပေါက်ခြင်း
lymph ဂလင်းများ ရောင်ခြင်း (အဓိကအားဖြင့် လည်ပင်းတွင်)
ဝမ်းပျက် ဝမ်းလျှောခြင်း
ကိုယ်အလေးချိန်ကျခြင်း
ချောင်းဆိုးခြင်း
ညဘက် ဇောချွေးပြန်ခြင်း
ထိုလက္ခဏာများသည် အလွန်ပျော့သဖြင့် HIV ကူးစက်ခံရမှန်း သတိမထားမိမှာ မဟုတ်ပါ။ သို့သော် သွေးကြောထဲရှိ HIV ဗိုင်းရပ်စ်ပိုးပမာဏ (virus load) ကတော့ ဒီအဆင့်မှာ အလွန်မြင့်မားနေပါပြီ။ ဗိုင်းရပ်စ်ပိုး ပျံ့ပွားမှုနှုန်းက အခြားအဆင့်များထက် ပိုမိုလွယ်ကူစွာ ပွားများတဲ့ အတွက်ကြောင့် ပထမအဆင့်မှာတင် ဆေးသောက်ပြီး ထိန်းထားနိုင်ဖို့ အရမ်းအရေးကြီးပါတယ်။
ဒုတိယအဆင့် (Chronic HIV)
ဒီအဆင့်တွင်လည်း လူအများစုမှာ ပြင်းထန်သော လက္ခဏာများ မပြသေးသော်လည်း အချို့မှာတော့ ပထမအဆင့်က လက္ခဏာများလည်း ပြန်ဖြစ်နိုင်သလို နာတာရှည်ရောဂါများလည်း ဖြစ်နိုင်ပါတယ်။
ပါးစပ်မှပိုးဝင်ခြင်း (မက်ခရုနာပေါက်ခြင်း)
ရေယုန်ပေါက်ခြင်း
အဆုတ်ရောင် ရောဂါဖြစ်ခြင်း
နောက်ဆုံးအဆင့် (AIDS)
ပိုမိုကောင်းမွန်သော ဗိုင်းရပ်စ်ဆိုင်ရာ ဆေးကုသမှုများကြောင့် ယနေ့ခေတ်တွင် HIV ရှိသော လူအများစုသည် AIDS ထိ မဖြစ်ပွားတော့ပါ။ သို့သော် ဆေးပုံမှန်မသောက်ပါက HIV သည် (၈) နှစ်မှ (၁၀) နှစ်အကြာတွင် AIDS အဖြစ်သို့ ပြောင်းလဲသွားနိုင်ပါတယ်။
AIDS အဆင့်ထိ ရောက်လျှင်တော့ ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်က ဆိုးရွားစွာ ပျက်စီးနေပါပြီ။
ဇောချွေးပြန်ခြင်း
ချမ်းတုန်ခြင်း
ထပ်တလဲလဲ အဖျားတက်ခြင်း
နာတာရှည် ၀မ်းလျှောခြင်း
လျှာ နှင့် ပါးစပ်တွင် ပုံမှန်မဟုတ်သော အဖြူကွက်များ ရေရှည်ရှိနေခြင်း
တစ်ချိန်လုံး ပင်ပန်းနွမ်းနယ်နေခြင်း
ကိုယ်အလေးချိန် အရမ်းကျလာခြင်း
အရေပြားယားယံခြင်း နှင့် အဖုများ ထွက်လာခြင်း
တီဘီရောဂါ ဖြစ်ခြင်း
ကင်ဆာရောဂါများ ဖြစ်ခြင်း
ဤဆောင်းပါးသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁)ရက်နေ့တွင် ကျရောက်သော HIV/AIDS ခုခံအားကျဆင်းမှု ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အား ဂုဏ်ပြုသောအားဖြင့် ရေးသားမျှဝေ အပ်ပါသည်။
HIV/AIDS အပါအဝင် ကာလသားရောဂါများနှင့် ပတ်သတ်ပြီး My-Medicine မှ ကျွမ်းကျင်သောဆရာဝန်ကြီးများနှင့် ပြသလိုပါက ဤလင့်ခ်ကို နှိပ်၍ www.mymedicine.com.mm ဆေးကုသမှု ခံယူနိုင်ပါပြီ။ ထို့အပြင် ဖုန်းနံပါတ် 09-980-635-588 ကို ဆက်သွယ်ပြီး တိုင်ပင်ဆွေးနွေးနိုင်သလို ကျန်းမာရေးအတွက် လိုအပ်သော ဆေးဝါးများ မှာယူလို့လည်း ရပါသည်။ တစ်နိုင်ငံလုံး အိမ်အရောက်ပို့ ဝန်ဆောင်မှုဖြင့် ပို့ဆောင်ပေးနေပါပြီ။