စာချဉ်ပြန် ရောဂါကို  Gastroesophageal reflux disease (GERD) လို့ ခေါ်ပါတယ်။ အစာအိမ်ထဲက အက်ဆစ်က အစာပြွန်ထဲသို့ ပြန်တက်လာခြင်းကြောင့် ဖြစ်သော နာတာရှည် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါတမျိုး ဖြစ်ပါတယ်။ 


စာချဉ်ပြန်ခြင်း ဘာလို့ ဖြစ်တာလဲ ? 


စားလိုက်တဲ့ အစာနဲ့ ရေတွေဟာ ပုံမှန်အတိုင်းဆိုရင် အစာပြွန်မှ တစ်ဆင့် အစာအိမ်ထဲသို့ ရောက်သွားပါတယ်။ အဲဒီ အစာနှင့် ရေများ အပေါ်သို့ ပြန်မတက်လာစေဖို့အတွက် အစာပြွန်အောက်ရှိ ကြွက်သားက စေ့နေအောင် ပိတ်ထားပေးပါတယ်။ အဆိုပါ ကြွက်သား အားနည်းပြီး ပြန်မပိတ်နိုင်တဲ့ အတွက်ကြောင့် အက်စစ်ဓာတ်ပါသော အချဉ်ရည်များ လည်ချောင်းအထက်သို့ ပြန်တက်လာတာပါ။ 

အဲ့လိုဖြစ်တာကို စာချဉ်ပြန်ခြင်းလို့ ခေါ်ပြီး ကြိမ်ဖန်များစွာ ဖြစ်လာမယ်ဆိုရင် အခြားသော အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာလက္ခဏာတွေကိုပါ ဖြစ်ပေါ်လာစေနိုင်ပါတယ်။


ဘယ်သူတွေ အဖြစ်များလဲ ? 


  1. အဝလွန်သူ

  2. ကိုယ်ဝန်ရှိသူ

  3. ဆေးလိပ်အသောက်များသူ 

  4. ပန်းနာရင်ကျပ်ရောဂါရှိသူ

  5. အစာခြေခြင်းဆိုင်ရာ ပြဿနာရှိသူ

  6. ဆီးချိုရောဂါရှိသူ တို့ အဖြစ်များကြပါတယ်။


လက္ခဏာတွေက ဘာလဲ ? 


  1. ရင်ပူခြင်း

  2. ရင်ဘတ်အောင့်ခြင်း

  3. အစာမြိုရခက်ခြင်း

  4. ပါးစပ်အတွင်းချဉ်သည့်အရသာခံစားရခြင်း

  5. ချောင်းခြောက်ဆိုးခြင်း

  6. လည်ချောင်းထဲ တစ်ခုခုဆို့ နေတယ်လို့ ခံစားရခြင်း

  7. အစာ (သို့) ချဉ်သောအရည်များ ပြန်ဆန်တတ်ခြင်း

  8. လည်ချောင်းနာခြင်း 



ဘယ်လိုကာကွယ်မလဲ ? 

နေထိုင်စားသောက်မှု ပုံစံကို ပြောင်းပစ်ဖို့ လိုအပ်ပါတယ်။ 

  1. ကိုယ်အလေးချိန်ထိန်းပါ

  2. အရမ်းကျပ်သော အဝတ်အစားတွေ ဝတ်ခြင်းကို ရှောင်ပါ

  3. ဆီကြော်၊ အပူအစပ်၊ ကော်ဖီ၊ ဆိုဒါပါသော အချိုရည်များကိုလည်း တတ်နိုင်သလောက်ရှောင်ပါ

  4. အရက် ဆေးလိပ် လျော့သောက်ပါ

  5. အစာစား ပြီးပြီးချင်း လှဲအိပ်တာကို ရှောင်ပါ

ဘယ်လို ကုသမလဲ ?

  1. အစာအိမ်မှ ထွက်လာသော အက်ဆစ်ကို လျှော့ချဖို့ အတွက် Antacid ဆေးများကို သောက်လို့ရပါတယ်။ ဥပမာ - Kremil S, Air X, Siloxogene, Newlanta.

  2. အက်ဆစ်ထုတ်လုပ်မှုကို တားဆီးပေးတဲ့ ဆေးများလည်း သောက်လို့ရပါတယ်။ ဥပမာ - Omeprazole, Pantoprazole.

  3. အစာပြွန်အောက်ရှိ ကြွက်သားကို ဆေးဖြင့် (သို့မဟုတ်) ခွဲစိတ်ကုသခြင်းဖြင့်လည်း ပြန်လည်ကောင်းမွန်လာအောင် ကုလို့ရပါတယ်။