အရိုးပွရောဂါသည် လူတိုင်းတွင် ဖြစ်နိုင်ပါတယ်။ အရိုးပွရောဂါဆိုတာ အရိုးများကို အားနည်းစေပြီး ကြွပ်ဆတ်စေတဲ့ အတွက်ကြောင့် အလွယ်တကူ အရိုးကျိုးခြင်းကို ဖြစ်စေနိုင်ပါတယ်။ ပုံမှန်အားဖြင့် ဟောင်းသွားသော အရိုးများကို ဆဲလ်အသစ်များဖြင့် သဘာ၀အလျှောက် အစားထိုးပြီး ခန္ဓာကိုယ်က လည်ပတ်ပါတယ်။ ဆဲလ်အသစ်များဖြင့် လုံလောက်စွာ အစားမထိုးနိုင်တဲ့အခါ အရိုးပွခြင်း ဖြစ်လာပါတယ်။ အရိုးပွခြင်းက တင်ပဆုံ၊ လက်ကောက်ဝတ် (သို့) ကျောရိုးတို့တွင် အဖြစ်များပါတယ်။
ရောဂါလက္ခဏာများ
အများအားဖြင့် အရိုးပွရောဂါသည် အစောပိုင်းတွင် လက္ခဏာ မပြပါ။ အချိန်ကြာလာတာနှင့် အမျှ အရိုးတွေ အားနည်းသွားတဲ့အခါမှသာ ခါးနာခြင်း၊ အရပ်ပုလာခြင်း၊ ခါးကုန်းလာခြင်း၊ အရိုးကျိုးလွယ်ခြင်းများ ဖြစ်လာနိုင်ပါတယ်။
ဖြစ်နိုင်ချေများသူများ
အမျိုးသမီးများ
အသက်အရွယ် ကြီးရင့်သူများ
မျိုးရိုးရှိသူများ
သိုင်းရွိုက်ဟော်မုန်း များနေသူများ
ကယ်လ်ဆီယမ် ချို့တဲ့သူများ၊ အစာအာဟာရချို့တဲ့သူများ
စတီးရွိုက်ဆေးများ ရေရှည်သောက်သုံးနေရသူများ
လှုပ်ရှားမှုနည်းပါးသူများ
အရက် ဆေးလိပ် အလွန်အကျွံသောက်သုံးသူများ
အစာအိမ်နှင့်အူလမ်းကြောင်း ခွဲစိတ်မှုပြုလုပ်ဖူးသူများတွင် အဖြစ်များပါတယ်။
အရိုးပွရောဂါကို ဘယ်လိုကာကွယ်မလဲ
အသားဓာတ် ပါသောအစာများ စားသုံးခြင်း
လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း
ကယ်လ်ဆီယမ် ကြွယ်ဝသော အစားအစားများ (နို့နှင့်နို့ထွက်ပစ္စည်း) စားသုံးခြင်း
လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းတို့ဖြင့် အရိုးဆုံးရှုံးမှုကို ကာကွယ်ပေးပြီး အားနည်းနေသော အရိုးများကိုလည်း သန်မာစေပါတယ်။
ဘယ်လိုကုသနိုင်လဲ
အရိုးပွနေလျှင် ဆေးဝါးများသောက်သုံးရသလို နေထိုင်မှုပုံစံကိုလည်း ပြောင်းလဲပေးသင့်ပါတယ်။ ကယ်လ်ဆီယမ်နဲ့ ဗီတာမင် D တွေကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သုံးစွဲရမယ့်အပြင် လေ့ကျင့်ခန်းလဲ ပုံမှန်လုပ်ပေးရပါမယ်။
တကယ်ဆိုရင် အရိုးပွခြင်းကို လုံးဝပျောက်ကင်းအောင် ကုသလို့ မရပါဘူး။ အရိုးများကို သန်စွမ်းအောင်၊ ပျက်စီးခြင်းနည်းအောင်လောက်ပဲ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ငယ်ရွယ်စဉ်အခါတည်းက အရိုးများ သန်မာအောင် ဂရုစိုက်သင့်ပါတယ်။
အာဟာရပြည့်ဝတဲ့ အစားအသောက်များကိုလည်း စားသုံးဖို့ အရေးကြီးပါတယ်။ ကဖိန်းနှင့် အရက် ဆေးလိပ် လွန်အကျွံသောက်သုံးခြင်းတို့ကို မဖြစ်မနေ ရှောင်ကြဉ်ဖို့လို့ပါတယ်။ ချော်မလဲအောင်လည်း အထူးသတိထားပါ။