ခြေသည်း လက်သည်း မှိုစွဲခြင်းကို ဆေးပညာအားဖြင့် Onychomycosis လို့ ခေါ်ပါတယ်။ မှိုဆိုတာ ပတ်ဝန်းကျင်၏ နေရာအနှံ့မှာ ရှိနေနိုင်ပါတယ်။ ခန္ဓာကိုယ်မှာလည်း ပေါက်ဖွားနိုင်ပါတယ်။ ဒါကြောင့် ခြေသည်း လက်သည်းမှာလည်း အလွယ်တကူ မှိုစွဲနိုင်ပါတယ်။
ခြေသည်းလက်သည်းခွံအောက်မှာ မှိုစွဲတာကြာလာတာနဲ့အမျှ အရောင်ပြောင်းလာတတ်ပါတယ်။ ပန်းနုရောင်သန်းနေရမဲ့အစား အဝါရောင်ပြောင်းလာတယ်၊ ပုံမှန်ထပ်ထူလာတယ်၊ မာလာတယ်၊ အလွယ်တကူကျိုးပဲ့ လွယ်လာပါတယ်။ တစ်ချောင်းတည်းမဟုတ်ဘဲ ခြေချောင်းလက်ချောင်းတွေ အများကြီး တစ်ပြိုင်တည်း ဖြစ်နိုင်ပါတယ်။ လက်သည်းထက် ခြေချောင်းတွေမှာ ပိုအဖြစ်များပါတယ်။
ပိုးဝင်တာက အရမ်းမဆိုးရွားဘူး စိတ်ကို အနှောက်အယှက်မဖြစ်စေဘူးဆိုရင် ကုသစရာ မလိုပါဘူး။
အရမ်းရုပ်ပျက်ဆင်းပျက်ဖြစ်လာပြီ၊ နာလည်းနာကျင်လာပြီ ဆိုရင်တော့ လိမ်းဆေး၊ သောက်ဆေးတွေ လိုအပ်လာပါပြီ။ ကုသလိုက်လို့ ပျောက်သွားရင်တောင် မှိုစွဲစေတဲ့ အကြောင်းအရင်းတွေ ရှိနေသေးရင်တော့ ထပ်ဖြစ်နိုင်ပါသေးတယ်။
မှိုစွဲစေသော အကြောင်းအရင်းများ
ခြေသည်းလက်သည်း မှိုစွဲခြင်းသည် အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သော်လည်း သက်ကြီးရွယ်အိုများတွင် ပိုအဖြစ်များပါသည်။ အသက်ကြီးလာတာနဲ့အမျှ ခြေသည်း လက်သည်းတွေက ကြွပ်ဆတ် ခြောက်သွေ့လာသလို အက်ကွဲကြောင်းလေးတွေ ပေါ်လာပြီး မှိုများ ပို၍ဝင်ရောက်စေနိုင်ပါတယ်။ ဒါ့အပြင် ခြေထိပ် လက်ထိပ်များသို့ သွေးလည်ပတ်မှု လျော့ကျခြင်းနှင့် ကိုယ်ခံအားနည်းခြင်းတွေကလည်း ပို၍ ဖြစ်စေနိုင်ပါတယ်။
မှိုစွဲခြင်းရဲ့ လက္ခဏာတွေက ဘာလဲ ?
ခြေသည်း လက်သည်းခွံတွေ ပုံမှန်ထပ်ထူလာခြင်း
အဖြူရောင်ကနေ အဝါရောင် အညိုရောင်ဘက် ပြောင်းလာခြင်း
ကြွပ်ဆတ်ပြီး ကျိုးလွယ်ခြင်း
မလှမပနဲ့ ပုံပျက်လာခြင်း
ကြာလာတာနဲ့အမျှ ညိုမဲစွဲသလို ဖြစ်လာခြင်း
အနံ့ဆိုး ထွက်ခြင်းတို့ပဲ ဖြစ်ပါတယ်။
ဘယ်သူတွေမှာ အဖြစ်များလဲ ?
အသက်အရွယ် ကြီးသူများ
ချွေးအရမ်းထွက်တဲ့သူများ
မှိုပိုးရှိတဲ့ ပစ္စည်းများကို ထိတွေ့ ကိုင်တွယ်ရသူများ
အများသုံးရေကူးကန်၊ အားကစားခန်းမ၊ ရေချိုးခန်း စတဲ့နေရာတွေမှာ ခြေဗလာနဲ့ သွားတတ်သူများ
သွေးလည်ပတ်မှု မကောင်းသူ၊ ခုခံအားနည်းသူ
ဆီးချိုရောဂါ၊ သွေးကြောနှင့် ဆိုင်တဲ့ ရောဂါ ရှိသူတွေမှာ အဖြစ်များပါတယ်။
နောက်ဆက်တွဲ ဆိုးကျိုးများ
မှိုစွဲတာ အရမ်းဆိုးရင် ခြေသည်းလက်သည်းတွေ လုံးဝပျက်စီးသွားပြီး ပြန်မပေါက်နိုင်တာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ခံအားနည်းသူနှင့် ဆီးချိုရောဂါ ရှိသူတွေမှာ ခြေသည်းလက်သည်းမှ တစ်ဆင့် ပိုမိုဆိုးရွားတဲ့ ပိုးဝင်ခြင်းတွေလည်း ဖြစ်နိုင်ပါတယ်။ ဆီးချိုရောဂါရှိသူတွေဟာ သူတို့ရဲ့ခြေထောက်မှာ အနာဖြစ်နေရင်တောင် ဘာမှမခံစားရတာကြောင့် အထူးသတိပြုဖို့လိုအပ်ပါတယ်။
ဘယ်လို ကာကွယ်မလဲ ?
ခြေလက် မကြာခဏ ဆေးပါ။ ခြေသည်းလက်သည်း ပုံမှန်ညှပ်ပါ။ ညှပ်ပြီးရင်လည်း သေချာပြန်ညှိဖို့ လိုပါတယ်။ လက်သည်းညှပ်ကိုလည်း အများနဲ့ မသုံးပါနဲ့ သန့်သန့်ရှင်းရှင်းထားပါ။ ခြေအိတ်ဝတ်တဲ့သူဆို မကြာခဏ ခြေအိတ်လဲပေးပါ။
စီးနေကျဖိနပ်တွေကို မကြာခဏ သေချာစနစ်တကျဆေးကြောပေးပါ။
ဖိနပ်တွေကိုလည်း ခြောက်သွေ့တဲ့နေရာမှာ သေချာသိမ်းဆည်းပါ။
အလှပြင်ဆိုင်တွေ သွားရာမှာလည်း သန့်ရှင်းမှုရှိတဲ့ဆိုင်ပဲ ရွေးသွားပါ။ တစ်ခါသုံးပစ္စည်းသာ သုံးခိုင်းပါ။
ဘယ်လိုကုသမလဲ ?
ဖြစ်ကာစ အရမ်းမဆိုးသေးတဲ့ အခြေအနေမျိုးဆို လိမ်းဆေး သောက်ဆေးနဲ့တင် အဆင်ပြေပေမဲ့ ဖြစ်တာလည်းကြာပြီ ပျောက်လည်း မပျောက်ဘူးဆိုရင်တော့ ကုသရတာ ခက်ခဲနိုင်ပါတယ်။ ကူးစက်တဲ့ မှိုအမျိုးအစားပေါ်မှာလည်း မူတည်သည့်အပြင် ကုသရာမှာလည်း အချိန် အတော်လေး ပေးရမှာဖြစ်ပြီး လနဲ့ချီ ကြာမြင့်နိုင်ပါတယ်။
မှိုသတ်ဆေးတွေသောက်ခြင်းဖြင့် ခြေသည်းလက်သည်းအသစ်တွေ ထပ်ထွက်လာစေပါတယ်။ အနည်းဆုံး (၆) ပတ်ကနေ (၁၂) ပတ်အထိ သောက်ရနိုင်ပါတယ်။ လူကြီးတွေမှာတော့ ပျောက်ဖို့ ပိုခက်ပါတယ်။ သို့သော် သောက်ဆေးတွေက အရေပြားနဲ့ အသည်းမှာ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်တဲ့ အတွက်ကြောင့် ဆရာဝန်နှင့် သေချာတိုင်ပင်ပြီးမှ ဆေးသောက်သင့်ပါတယ်။
ဆေးသောက်ဖို့အဆင်မပြေတဲ့သူတွေဆို လိမ်းဆေးကိုရွေးချယ်လို့ရပါတယ်။ ဆေးမလိမ်းခင် ရောဂါဖြစ်တဲ့နေရာကို သေချာသန့်ရှင်းရေးလုပ်ရပါမယ်။ ဆေးမလိမ်းခင် ခြေသည်းလက်သည်းရဲ့ အပေါ်ယံကို နည်းနည်းပါးလိုက်ပြီးမှ လိမ်းတာ ပိုထိရောက်မှုရှိပါတယ်။
တကယ်လို့ သောက်ဆေးကော၊ လိမ်းဆေးကောနဲ့ မပျောက်ဘူးဆိုရင် မှိုစွဲနေတဲ့ လက်သည်းခြေသည်းကို လုံးဝဖယ်ရှားပစ်လိုက်ဖို့ လိုအပ်နိုင်ပါတယ်။
မှိုစွဲခြင်းက တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းတဲ့သူတွေမှာ အဖြစ်များတဲ့ အတွက်ကြောင့် အပြင်က ပြန်လာတဲ့အခါတိုင်း ခြေလက်တွေကို သေချာဆေးကြောသင့်ပါတယ်။ လက်သည်းခြေသည်းမှာပဲ ဖြစ်တာကြောင့် ကျန်းမာရေးအတွက် မစိုးရိမ်ရပေမဲ့ အလှတော့ ထိခိုက်နိုင်တာမို့ မဖြစ်ခင် သတိလေးထားပြီး ကြိုတင်ကာကွယ်ကြပါလို့ အသိပေးလိုက်ရပါတယ်။
Ref: MayoClinic