ကြွက်တက်တယ်ဆိုတာကို  ကြုံဖူး ကြားဖူးကြတယ်မလား။ ညဘက် အိပ်နေစဉ် ကြွက်တက်တာကိုကော ဖြစ်ဖူးပါသလား။ ခြေသလုံး (၂)ဖက်လုံးမှာ အဖြစ်များပေမယ့် ပေါင်ရင်းနှင့် ခြေထောက်တွေမှာလည်း ဖြစ်တတ်ပါတယ်။ 

 

ကြွက်တက်ပြီဆိုလျှင် ခြေသလုံးကြွက်သားတလျောက် တရစပ်တုန်ခါနေပြီး နာကျင်လာမယ်၊ ကြွက်သားတွေ ကျုံ့လာမယ်၊ တင်းမာလာပါမယ်။ ကျုံ့နေသော ကြွက်သားများကို အတင်းဆွဲဆန့်ခြင်းဖြင့် နာကျင်မှုကို သက်သာစေပါတယ်။ အရမ်းတော့ မစိုးရိမ်ရပေမယ့် ခဏခဏ ဖြစ်နေပြီဆိုနေလျှင်တော့ ဆရာဝန်နှင့် ပြသသင့်ပါတယ်။ 

 

ဘာကြောင့် ကြွက်တက်ရတာလဲ 

ညဘက် ခြေသလုံး ကြွက်တက်ရတဲ့ အကြောင်းရင်းကို အတိအကျ မဖော်ထုတ်နိုင်သေးပေမယ့် 

ဖြစ်နိုင်ခြေများသူများကတော့

  • သက်ကြီးရွယ်အိုများ 

  • ကိုယ်ဝန်ဆောင်အမျိုးသမီးများ

  • နာတာရှည် ကျောက်ကပ်ရောဂါ ရှိသူများ၊ အသည်းခြောက်သူများ 

  • ဆီးချိုရောဂါ ရှိသူများ၊ အ၀လွန်ရောဂါ ရှိသူများ 

  • သွေးအားနည်း ရောဂါရှိသူများ 

  • သိုင်းရွိုက် ဟော်မုန်း ပုံမှန် အလုပ်မလုပ်သူများ

  • အာရုံကြော မကောင်းသူများ 

  • ပါကင်ဆန် ရောဂါရှိသူများ

တစ်ချို့ သောက်သုံးနေတဲ့ ဆေးဝါးများကြောင့်လည်း ဖြစ်နိုင်ပါတယ်။ 

  • သွေးတိုးကျဆေးများ

  • ကိုလက်စထရော ကျစေသောဆေးများ (အဆီကျဆေး)

  • ကျောက်ကပ်ဆေးများ

  • ဆီးဆေးများ

  • ကိုယ်ဝန်တားဆေးများ

အခြားအခြေအနေများ

  • ရေဓာတ်ခန်းခြောက်ခြင်း

  • ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း

  • ကြွက်သားများ ပင်ပန်းနွမ်းနယ်ခြင်း

  • ဒူးဆစ်ရောင်ခြင်း စသည့် အခြေအနေများကြောင့် ညဘက်ကြွက်တက်ခြင်း အဖြစ်များနိုင်ပါတယ်။ 

ညဘက် ကြွက်တက်ခြင်းမှ ကာကွယ်ရန် 

  • ရေဓာတ်ခမ်းခြောက်မှုမဖြစ်စေရန် ရေများများသောက်ပေးပါ။

  • အိပ်ယာမဝင်ခင်မှာ ခြေထောက်ကြွက်သားတွေကို ဆန့်တန်းပြီး စက်ဘီးစီးသလို လှုပ်ရှားပေးပါ။

  • အစာ အာဟာရ မျှတစွာ စားပါ။ 

ကြွက်တက်နေလျှင် ဘယ်လို သက်သာအောင် လုပ်မလဲ

  • ကြွက်တက်တဲ့နေရာကို လက်ဖြင့် (သို့) ရေခဲဖြင့် နှိပ်နယ်ပေးပါ၊ ဆေးအပူလိမ်းပြီးလည်း နှိပ်လို့ရပါတယ်။

  • ကြွက်တက်နေတဲ့ ခြေထောက်ကို ခါပေးပါ၊ ဒူးကို ကွေးပြီး ဖိထားပေးပါ။ 

  • ရေနွေးအိတ်ကပ်တာ (သို့) ရေနွေးဖြင့် ရေချိုးတာမျိုးလည်း လုပ်လို့ရပါတယ်။ 

မသက်သာဘဲ ပြင်းထန်ပြီး အဆက်မပြတ် ကြွက်တက်နေလျှင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ဒါမှ ဆီးစစ်တာ သွေးစစ်တာတွေ လုပ်ပြီး တခြားရောဂါရှိနေလျှင် မြန်မြန် ကုသလို့ ရမှာပါ။

ညဘက် ကြွက်တက်ခြင်းက အိပ်စက်ခြင်းကို အနှောက်အယှက်ပေးတဲ့အပြင် ကြွက်သားများ အားနည်းခြင်းနှင့် ပါးလွှာခြင်းတို့ကို ဖြစ်ပေါ်စေတဲ့အတွက်ကြောင့် မပေါ့ဆင့်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။