ထိုင်နေရာ လှဲနေရာကနေ ရုတ်တရက် ထလိုက်ရင် မိုက်ခနဲ ခေါင်းမူးပြီး လူက ယိုင်သွားတာမျိုး ဖြစ်ဖူးကြပါသလား။ အဲ့လိုဖြစ်တာက သိပ်မစိုးရိမ်ရပေမယ့် မကြာခဏဖြစ်လာလျှင်တော့ ပြင်းထန်သော ကျန်းမာရေး ပြဿနာများ ဖြစ်လာနိုင်လို့ မပေါ့ဘဲ ဂရုစိုက်ကြဖို့ လိုပါတယ်။


ထိုင်ရာကနေ ရုတ်တရက်ထရင် ဘာကြောင့် မူးရတာလဲ ? 


အဓိကကတော့ သွေးပေါင်ကျလို့ ဖြစ်ရတာပါ။ ရုတ်တရက် ထရပ်လိုက်လျှင် မြေဆွဲအားကြောင့် ခြေထောက်နှင့် ဝမ်းဗိုက်မှာ သွေးများ စုပုံသွားပြီး နှလုံးမှာ သွေးလည်ပတ်မှုနည်းလာတဲ့ အတွက်ကြောင့် သွေးပေါင်ကျလာတာပါ။ ပုံမှန်အားဖြင့် အဲ့ဒါကိုသိတဲ့ နှလုံးနှင့် လည်ပင်းသွေးလွှတ်ကြော တဝိုက်ရှိ ဆဲလ်များက ဦးနှောက်ကို အချက်ပြပြီး နှလုံးကို မြန်မြန်ခုန်စေခြင်းဖြင့် သွေးပေါင်ချိန်ကို ထိန်းထားပါတယ်။ 


အဲ့လို သွေးပေါင်မကျအောင် ထိန်းတဲ့ ခန္ဓာကိုယ်ရဲ့ သဘာ၀ဖြစ်စဉ်ကို တစ်စုံတစ်ခုက အနှောက်အယှက်ပေးတဲ့အခါ ထိုင်ရာကနေ ရုတ်တရက် ထရပ်လိုက်ရင် မူးဝေလာတာပါ။ 


ဘယ်လိုလူတွေမှာ အဖြစ်များလဲ ?


  1. သွေးအားနည်းရောဂါ ရှိသူ (သို့) ဗိုက်တာမင် B12 ချို့တဲ့သူ 

  2. ရေသောက်နည်းသူ 

  3. သွေးတွင်း သကြားဓာတ်နှင့် သံဓာတ်နည်းနေသူ 

  4. ဆီးချို၊ သိုင်းရွိုက် နှင့် အက်ဒီဆင် ရောဂါရှိသူ 

  5. နှလုံး နှင့် ဆိုင်သော ပြဿနာများ ရှိသူ  

  6. အာရုံကြောနှင့်ဆိုင်သော ရောဂါများ ရှိသူ (ပါကင်ဆန် ရောဂါ) 

  7. သွေးတိုး နှလုံး နှင့် စိတ်ကျရောဂါ များအတွက် ဆေးများ သောက်နေရသူ 

  8. ကိုယ်ဝန်ဆောင်မိခင်များ မှာ အဖြစ်များပါတယ်။ 


မဖြစ်အောင် ဘယ်လို ကာကွယ်မလဲ ?


  1. ရေများများ သောက်ပါ၊ ရေဓာတ်ပြည့်၀အောင် နေပါ၊ အရက်သောက်တာ လျော့ပါ။

  2. အိပ်လျှင် ခေါင်းအုံး မြင့်မြင့်ဖြင့် အိပ်ပါ။ 

  3. ထိုင်နေရာ လှဲနေရာကနေ ရုတ်တရက် မထပါနဲ့။ အချိန်ယူပြီးမှ ဖြေးဖြေးချင်း ထပါ။

  4. အချိန်အကြာကြီး မတ်တပ်ရပ်ရမယ်ဆိုလျှင် ခြေထောက်ကို လှုပ်ရှားပေးပါ (ဥပမာ - လမ်းလျှောက်သော ပုံစံ) 

  5. သွေးလည်ပတ်မှု ကောင်းစေရန် ခြေအိတ် ဝတ်ဆင်ပါ။ 

  6. လေ့ကျင့်ခန်း လုပ်ပါ။ အားဆေးသောက်ပါ။


ဘယ်လိုကုသမလဲ ?


ဆရာဝန်နှင့် ပြသပြီး တခြားရောဂါ ရှိ မရှိကို အရင်ဆုံး စစ်ဆေးသင့်ပါတယ်။ အများစုတွင် တခြားရောဂါကို ကုသခြင်းဖြင့် သွေးပေါင်ကျပြီး မူးတာကို ပျောက်ကင်းစေပါတယ်။ တချို့ နာတာရှည်ရောဂါများအတွက် သောက်နေရတဲ့ ဆေးတွေက သွေးပေါင်ကျပြီး ရုတ်တရက် ထလိုက်လို့ မူးတာမျိုးရှိလျှင်လည်း ဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ်။ 


အဲ့လို ထိုင်နေ လှဲနေရာက ရုတ်တရက်ထလိုက်လို့ မူးလာတာကို ဆေးပညာအရ orthostatic hypotension လို့ ခေါ်ပါတယ်။ အသက်ကြီးလေ ဖြစ်နိုင်ခြေပမာဏက များလာလေဖြစ်တဲ့ အတွက် သက်ကြီး ရွယ်အို တွေမှာ အဖြစ်များပါတယ်။ 


orthostatic hypotension နှင့် ပတ်သတ်ပြီး ကျွမ်းကျင်သောဆရာဝန်ကြီးများနှင့် ပြသလိုပါက ဆွေးနွေးခ (၅ဝဝဝကျပ်)သာ ကျမှာဖြစ်ပြီး ဤလင့်ခ်ကို နှိပ်၍ www.mymedicine.com.mm ဆေးကုသမှု ခံယူလို့ ရပါတယ်။ ထို့အပြင် ဖုန်းနံပါတ် 09-980-635-588 ကို ဆက်သွယ်ပြီး တိုင်ပင်ဆွေးနွေးနိုင်သလို ဆေးဝါးများ မှာယူလို့လည်း ရပါသည်။ ဆေးများကို တစ်နိုင်ငံလုံး အိမ်အရောက်ပို့ ဝန်ဆောင်မှုဖြင့် ပို့ဆောင်ပေးနေပါပြီ။