တင်းတိတ်ကို Chloasma လို့ခေါ်ပါတယ်။ တင်းတိတ်ဆိုတာ မျက်နှာပေါ်မှာ ဖြစ်တတ်တဲ့ အညိုရောင် နေလောင်ကွက် တွေပဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် မျက်နှာ၏ နှစ်ဖက်စလုံးတွင် အချိုးညီစွာ ဖြစ်ပေါ်ပြီး အခြားနေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့သော နေရာများတွင်လည်း ဖြစ်ပွားနိုင်ပါတယ်။ ကျန်းမာရေးကို ထိခိုက်စေတဲ့ ရောဂါတစ်ခုတော့ မဟုတ်ပေမယ့် ကိုယ်ကိုယုံကြည်မှုကိုတော့ လျှော့စေတယ်မလား။


တင်းတိတ် ဘာကြောင့်ဖြစ်ရတာလဲ ?

 

လူ့ အရေပြားထဲမှာ မယ်လနင်ဆိုတဲ့ ဓာတ်တစ်မျိုး ရှိပါတယ်။ မယ်လနင်များလေ အသားညိုလေ ဖြစ်ပြီး မယ်လနင်နည်းလေ အသားဖြူလေ ဖြစ်ပါတယ်။ တင်းတိတ်ဆိုတာက အဲ့မယ်လနင်တွေ များများထွက်လာတဲ့ အတွက်ကြောင့် အညိုရောင်အကွက်တွေ ဖြစ်လာတာပါ။ ဘာကြောင့် မယ်လနင်ပို ထွက်လာလည်းဆိုတာကိုတော့ တိတိကျကျ အဖြေရှာမတွေ့သေးပါဘူး။ ဖြစ်နိုင်ခြေတွေကတော့ 


  • နေလောင်ခြင်း

  • ကိုယ်ဝန်တားဆေး၊ ဟော်မုန်းဆေးတွေ သောက်ခြင်း

  • ကိုယ်ဝန်ဆောင်မိခင်တွေမှာ သဘာ၀အလျောက် တင်းတိတ်ထွက်တတ်ခြင်း

  • မျိုးရိုးဗီဇအရလည်း တင်းတိတ်ထွက်တတ်ခြင်း

  • မိတ်ကပ်ပစ္စည်းနှင့် မတည့်ခြင်း တို့်ကြောင့် ဖြစ်နိုင်ပါတယ်။ 


နေလောင်လေ မယ်လနင်ထွက်နှုန်း များလေဖြစ်ပြီး တင်းတိတ်အကွက်ဖြစ်လေ ဖြစ်ပါတယ်။ အမျိုးသားထက် အမျိုးသမီးတွေမှာ ပို၍ အဖြစ်များပါတယ်။ အသားညိုသူများတွင် သဘာဝအားဖြင့် မယ်လနင် ထွက်နှုန်း ပိုများသောကြောင့် အသားဖြူသူများထက် ပို၍ဖြစ်လွယ်ပါတယ်။ အသက် ၄၀ ကျော်တွေမှာ ပိုတွေ့ရတတ်ပေမယ့် နေရောင်ထိတွေ့တာများတဲ့ လူငယ်တွေမှာလည်း ဖြစ်နိုင်ပါတယ်။



ဘယ်လိုကုသမလဲ ?


တင်းတိတ်ကုသဖို့အတွက်က ဆေးလိမ်းခြင်း၊၊ Chemical Peel လုပ်ခြင်း၊ လေဆာပစ်ခြင်း၊ အလင်းအခြေခံကုထုံးများ စတဲ့ရွေးချယ်စရာတွေ အများကြီး ရှိပါတယ်။ လိမ်းဆေးတွေက မယ်လနင်ထွက်နှုန်းကို လျှော့ချခြင်းဖြင့် အညိုကွက်ကို အရောင်ဖျော့စေပါတယ်။ hydroquinone၊ retinoids၊ azelaic acid နှင့် tranexamic acid တို့ ပါဝင်တဲ့ လိမ်းဆေးတွေကို ရွေးချယ်လို့ ရပါတယ်။ တမျိုးတည်းပါတာပဲ သုံးလို့ရသလို လိုအပ်ရင် ပေါင်းစပ်ပြီးလည်း သုံးနိုင်ပါတယ်။ တဖြည်းဖြည်းချင်း အရောင်ဖျော့သွားစေပေမယ့် အရေပြားယားယံတာ၊ စားတာတွေ ဖြစ်စေနိုင်တာကို သတိပြုရပါမယ်။


လိမ်းဆေးနဲ့ မသက်သာတဲ့ သူတွေကတော့ အသားအရည်ပေါ်က ပိုလျှံနေတဲ့ မယ်လနင်ကို ဖယ်ရှားပေးတဲ့ Chemical Peel (eg. glycolic acid နှင့်) လုပ်လို့ရပါတယ်။ တချို့ကတော့ ထိရောက်မှု ပိုရှိစေဖို့အတွက် လိမ်းဆေးကော Chemical Peelကော တွဲသုံးကြပါတယ်။ အကယ်၍ အဲ့ဒါတွေနဲ့ မထူးခြားပါက နောက်ဆုံးအနေနဲ့ လေဆာပစ်လို့ ရပါတယ်။ ဒီနည်းလမ်းတွေမှာလည်း သူ့ဆိုးကျိုးနဲ့သူရှိလို့ ကျွမ်းကျင်တဲ့ အရေပြား အလှအပ ဆရာဝန်နဲ့ လုပ်ဖို့လိုအပ်ပါတယ်။ 



တင်းတိတ်က အရှင်းပျောက်သလား ?


တင်းတိတ်ဟာ သင့်လျော်သောကုသမှု နှင့် နေရောင်ကာ ခရင်မ်ကိုသာ အမြဲလိမ်းမယ်ဆိုရင် အချိန်ကြာလာသည်နှင့်အမျှ ပျောက်ပါတယ်။ သို့သော် ရှိရင်းစွဲတင်းတိတ်များကတော့ လုံးဝပျောက်နိုင်ပေမယ့် အချို့သောသူများသည် နေပူထဲ အကာအကွယ်မပါဘဲ ထွက်ခြင်း၊ ကိုယ်ဝန်ရလာခြင်း၊ ဟော်မုန်းဆေး (သို့) သန္ဓေတားဆေးများ သောက်သုံးခြင်းကနေလည်း ပြန်ဖြစ်တတ်ပါတယ်။ 

 

မဖြစ်အောင် ဘယ်လို ကာကွယ်မလဲ ?


ပျောက်ကင်းသွားသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ပြန်လည်ဖြစ်ပွားနိုင်တဲ့ အတွက်ကြောင့် နေ‌ရောင်တိုက်ရိုက် မထိအောင် သတိထားပြီး ကာကွယ်ဖို့ လိုပါတယ်။ နေရောင်ကာ ခရင်မ် ကို အမြဲလိမ်းပါ။ အပြင်မထွက်ခင် မိနစ် (၃၀) လောက် ကြိုပြီး လိမ်းပေးပါ။ (၂) နာရီခြားတစ်ခါ၊ ချွေးထွက်များပြီးချိန်၊ ရေစိုသွားချိန်တွေမှာ ပြန်လိမ်းပေးဖို့ လိုပါတယ်။ ဦးထုပ်၊ ထီးနှင့် နေကာမျက်မှန်တွေ ဆောင်သွားပေးဖို့ လိုပါတယ်။ မနက် (၁၀) နာရီနဲ့ နေ့လယ် (၂) နာရီကြားဟာ အပူဆုံးအချိန်တွေဖြစ်လို့ ဖြစ်နိုင်ရင် အပြင်ထွက်တာ ရှောင်ပေးပါ။


တင်းတိတ် ကင်းဝေတဲ့ အသားအရည်လေး ပိုင်ဆိုင်နိုင်ကြပါစေ။