နို့တိုက်ခါစ မေမေသစ်တို့အနေနဲ့ ပထမပတ်မှာ သားမြတ်ထိပ် နာတာ၊ အက်တာတွေ ကြုံတွေ့နေရပါသလား။ ဒါဟာ ကလေးကို နို့တိုက်တဲ့အနေအထားမမှန်တာ၊ ကလေးနို့ငုံပုံ မမှန်တာတွေကြောင့်ပဲ ဖြစ်ပါတယ်။

ထို့အပြင် ကလေးကို မွေးခါစကတည်းက ချိုလိမ်တွေ ပေးစုပ်ထားတာကြောင့် ကလေးဟာ နို့သီးခေါင်းအစစ်နှင့် အတုကို ကောင်းကောင်း မခွဲခြားနိုင်ဘဲ နို့စို့ပုံ မှားယွင်းနေတာမျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။

နို့သီးခေါင်းကွဲအက်တယ်ဆိုတာ ဘယ်လိုမျိုးလဲ ?

1.  နို့သီးခေါင်းလေးတွေ နာလာမယ်

2.  သွေးနည်းနည်း စိမ့်ထွက်မယ် (သို့) သွေးတော်တော် ထွက်လာမယ်

3.  ကိုက်လာမယ်

4.  နို့သီးခေါင်းကွဲမယ်

 

ဘယ်လို ကာကွယ်လို့ရပါသလဲ ?

နို့သီးခေါင်း နာကျင်နေပေမယ့်လည်း ကလေးကို နို့ဆက်တိုက်ပါ။ ပြောင်းလဲရမှာက နို့တိုက်ပုံ တိုက်နည်း ဖြစ်ပါတယ်။ 

ကလေးရဲ့ပါးစပ်ဟာ သားမြတ်အဝိုင်းကို ကောင်းကောင်း ငုံမိပါစေ။ နို့တိုက်ပုံ မှန်လာတဲ့အခါ နာကျင်တာမျိုးမရှိတော့ဘဲ အနာကျက်လာပါလိမ့်မယ်။ 

နို့တိုက်ပြီးတိုင်း နို့သီးခေါင်းတစ်ဝိုက်ကို ခြောက်သွေ့နေဖို့ ဂရုစိုက်ပေးပါနော် မေမေတို့ရေ။

အနာပျောက်ဖို့ ဘယ်လောက်ကြာပါသလဲ ?

နို့သီးခေါင်း အပေါ်ယံလောက်ပဲ ဖြစ်တယ်ဆိုရင် နာရီပိုင်း (သို့) ရက်ပိုင်းအတွင်း သက်သာပါတယ်။ အကယ်၍ တော်တော်ကို ကွဲအက်ပြီး အနာဖြစ်သွားရင်တော့  (၂) ပတ်ကနေ (၃) ပတ်အထိ အနာကျက်ချိန် ကြာနိုင်ပါတယ်။

 

သက်သာအောင် ဘယ်လိုလုပ်ရမလဲ ?

1.  လတ်လတ်ဆတ်ဆတ်နို့ရည် သုတ်လိမ်းပေးပါ။

2.  သိပ်အပူကြီးမဟုတ်တဲ့ ရေနွေးအိတ်ကို မိနစ်အနည်းငယ်ကြာ ကပ်ပေးပါ။

3.  ကလေးနို့တိုက်ပြီးတိုင်း တစ်မိနစ်လောက် ဆားရည်နဲ့ စိမ်ပေးပါ။

4.  နို့သီးခေါင်းပြဿနာတွေအတွက် ထုတ်ထားတဲ့ဆေးတွေ လိမ်းပေးပါ။

5.  Nursing Pads (နို့ခံ) ကို အချိန်အကြာကြီးမသုံးဘဲ မကြာမကြာ လဲပေးတာတို့ လုပ်ပေးလျှင် သက်သာနိုင်ပါတယ်။