အောက်ဆီဂျင်ဆိုတာ သင့်ခန္ဓာကိုယ် ကောင်းစွာအလုပ်လုပ်ရန်အတွက် လိုအပ်သော ဓာတ်ငွေ့တစ်မျိုးဖြစ်ပါတယ်။ သင့်ဆဲလ်များ စွမ်းအင်ထုတ်လုပ်နိုင်ရန် အောက်ဆီဂျင်ကို လိုအပ်ပါတယ်။ အဆုတ်သည် သင်ရှူရှိုက်သောလေမှ အောက်ဆီဂျင်ကို စုပ်ယူလိုက်ပြီး အဆုတ်မှတစ်ဆင့် သွေးထဲသို့ဝင်ရောက်ကာ သင်၏အင်္ဂါများနှင့် ခန္ဓာကိုယ်တစ်သျှူးများဆီသို့ ရောက်သွားပါတယ်။


အချို့သောကျန်းမာရေးအခြေအနေတွေက သင့်ရဲ့ သွေးတွင်းအောက်ဆီဂျင်ပမာဏကို အလွန်နည်းစေနိုင်ပါတယ်။ သွေးထဲတွင် အောက်ဆီဂျင်နည်းပါးခြင်းကြောင့် အသက်ရှူရခက်ခြင်း၊ မောပန်းခြင်း သို့မဟုတ် စိတ်ရှုပ်ထွေးခြင်းတို့ကို ခံစားရစေနိုင်ပြီး သင့်ခန္ဓာကိုယ်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒီလိုအခါမျိုးမှာ  အောက်ဆီဂျင်ကုထုံးသည် သင့်အား အောက်ဆီဂျင်ပိုရရန်အတွက် ကူညီပေးနိုင်ပါတယ်။




အောက်ဆီဂျင်ကုထုံး


အောက်ဆီဂျင်ကုထုံးဆိုတာ အသက်ရှူသွင်းရန် အောက်ဆီဂျင်အပိုပေးသော ကုသမှုတစ်ခုဖြစ်ပါတယ်။ ၎င်းကို supplemental oxygen ဟုလည်း ခေါ်ကြပါတယ်။ အောက်ဆီဂျင်ကုထုံးကို သင့်ကျန်းမာရေးစောင့်ရှောက်မှုပေးသူ၏ ဆေးစာမှတဆင့်သာ ရယူနိုင်မှာဖြစ်ပြီး ဆေးရုံ၊ ဆေးခန်း၊ သို့မဟုတ် အိမ်တွင် ကုသမှုခံယူနိုင်မှာ ဖြစ်ပါတယ်။ အချို့လူများဟာ အောက်ဆီဂျင်ကုထုံးကို အချိန်တိုအတွက်သာ လိုအပ်ပြီး အခြားသူများကတော့ ရေရှည်အတွက် အောက်ဆီဂျင်ကုထုံးကို လိုအပ်နိုင်ပါတယ်။


အောက်ဆီဂျင်ပေးနိုင်တဲ့ ကိရိယာအမျိုးအစား များစွာရှိပါတယ်။ အချို့က အောက်ဆီဂျင်အရည် သို့မဟုတ် ဓာတ်ငွေ့ tank များကို အသုံးပြုကြပါတယ်။ အချို့လူများက လေထဲမှအောက်ဆီဂျင်ကို ဆွဲယူလိုက်သော oxygen concentrator များကိုလည်း သုံးကြပါတယ်။ နှာခေါင်းပိုက် (cannula)၊ mask (သို့) tent မှတစ်ဆင့်လည်း အောက်ဆီဂျင်ကို ရယူနိုင်ပြီး အပိုအောက်ဆီဂျင်ကို ပုံမှန်လေနှင့်အတူ ရှူသွင်းကြပါတယ်။


သင်ကုသမှုခံယူနေစဉ် သွားလာရန် လွယ်ကူအဆင်ပြေစေရန် oxygen concentrator များနှင့် tank များရဲ့ ခရီးဆောင်ပုံစံများကိုလည်း အသုံးပြုနိုင်ပါတယ်။




အောက်ဆီဂျင်ကုထုံး လိုအပ်သူများ


သင့်မှာ သွေးတွင်းအောက်ဆီဂျင် နည်းပါးစေတဲ့ အောက်ပါအခြေအနေများရှိနေပါက အောက်ဆီဂျင်ကုထုံး လိုအပ်လာနိုင်ပါတယ်။


  • COPD (chronic obstructive pulmonary disease) - နာတာရှည် အသက်ရှူလမ်းပိတ်ရောဂါ

  • Pneumonia (အဆုတ်ရောင်ရောဂါ) 

  • COVID-19

  • A severe asthma attack

  • Late-stage heart failure

  • Cystic fibrosis

  • Sleep apnea




အိမ်တွင် အောက်ဆီဂျင်ကုထုံးကို ဘေးကင်းစွာ အသုံးပြုနည်း


သင့်ဆရာဝန်က တစ်မိနစ်လျှင် သင်အောက်ဆီဂျင်မည်မျှလိုအပ်ကြောင်းနှင့် ၎င်းအားရရှိရန်လိုအပ်သော အချိန်ကို ဆေးစာရေးပေးပါလိမ့်မယ်။ အချို့လူတွေက လေ့ကျင့်ခန်းလုပ်ချိန် (သို့) အိပ်ချိန်၌သာ အောက်ဆီဂျင်ကုထုံးကို လိုအပ်သော်လည်း အချို့ကတော့ တစ်နေ့လုံး လိုအပ်တာမျိုးတွေလည်း ရှိပါတယ်။


သင့်လက်ချောင်း၊ ခြေချောင်း သို့မဟုတ် နားရွက်ကိုညှပ်သည့် ကိရိယာကိုသုံး၍ သို့မဟုတ် သွေးစစ်၍ သင့်ရဲ့ပုံမှန်အဆင့်များကို စစ်ဆေးပြီးနောက် သင့်ဆရာဝန်က သင့အောက်ဆီဂျင်မည်မျှလိုအပ်ကြောင်းကို တွက်ချက်ပေးပါလိမ့်မယ်။





အောက်ဆီဂျင်ကုထုံးသုံးခြင်း၏ အန္တရာယ်များ

အောက်ဆီဂျင်ကုထုံးဟာ ယေဘုယျအားဖြင့် ဘေးကင်းတတ်သော်လည်း ဘေးထွက်ဆိုးကျိုးများလည်း ဖြစ်စေနိုင်ပါတယ်။  ၎င်းဆိုးကျိုးများကတော့ နှာခေါင်းခြောက်သွေ့ခြင်း သို့မဟုတ် သွေးထွက်ခြင်း၊ မောပန်းခြင်းနှင့် နံနက်ခင်းမှာ ခေါင်းကိုက်ခြင်းတို့ ပါဝင်ပါတယ်။


အောက်ဆီဂျင်ဟာ မီးဘေးအန္တရာယ်ဖြစ်စေနိုင်တာကြောင့် အောက်ဆီဂျင်ကိုသုံးသည့်အခါ ဆေးးလိပ် လုံးဝမသောက်သင့်ပါ၊ သို့မဟုတ် မီးလောင်လွယ်သောပစ္စည်းများကို မသုံးသင့်ပါ။ အကယ်၍ သင်က oxygen tank များကို အသုံးပြုနေပါက tankကို လုံခြုံအောင်ပိတ်ပြီး ထောင်လျက်ထားပါ။  ပြုတ်ကျပြီး အက်ကွဲကြောင်း (သို့) ထိပ်ပိုင်းကွဲသွားပါက tank ဟာ ဒုံးကျည်ကဲ့သို့ ပျံထွက်သွားနိုင်ပါတယ်။




Hyperbaric oxygen therapy

Hyperbaric oxygen therapy (HBOT) ဟာ အောက်ဆီဂျင်ကုထုံးတစ်မျိုး ဖြစ်ပါတယ်။ ၎င်းသည် ဖိအားပေးထားသော အခန်း သို့မဟုတ် ပြွန်ထဲတွင် အောက်ဆီဂျင်ရှူရခြင်းမျိုးဖြစ်ပါတယ်။ အဆိုပါကုထုံးဟာ သင့်အဆုတ်အတွက်  ပုံမှန်လေဖိအားမှာ အောက်ဆီဂျင်ကိုရှူခြင်းဖြင့် ရရှိသော အောက်ဆီဂျင်ပမာဏထက် သုံးဆပိုပြီးရစေပါတယ်။ ရရှိလာသော အပိုအောက်စီဂျင်သည် သွေးမှတဆင့် သင်၏အင်္ဂါများနှင့် ခန္ဓာကိုယ်တစ်သျှူးများဆီသို့ ရောက်ရှိသွားပါတယ်။  


HBOT ကို အချို့ပြင်းထန်သောဒဏ်ရာများ၊ အပူလောင်ခြင်း၊ ဒဏ်ရာများနှင့် ကူးစက်ရောဂါများ ကုသရန် အသုံးပြုကြပါတယ်။  ၎င်းသည် သွေးကြောအတွင်း လေ (သို့) ဓာတ်ငွေ့ပိတ်ဆို့ခြင်း (သွေးစီးကြောင်းထဲရှိ လေပူဖောင်းများ)၊ ရေငုပ်သမားများခံစားရသော decompression sickness နှင့် ကာဗွန်မိုနောက်ဆိုဒ်အဆိပ်သင့်ခြင်းတို့ကိုလည်း ကုသပေးပါတယ်။


သို့သော် အချို့ကုသရေးဌာနများက HBOT သည် HIV/AIDS၊ အယ်လ်ဇိုင်းမားရောဂါ၊ autism နှင့် ကင်ဆာအပါအ၀င် ရောဂါအားလုံးကို ကုသနိုင်သည်လို့ အဆိုပြုကြပါတယ်။ အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ကတော့ ဤအခြေအနေများအတွက် HBOT အသုံးပြုခြင်းကို ရှင်းလင်းခြင်း သို့မဟုတ် အတည်ပြုခြင်း ပြုထားတာမျိုးမရှိပါ။ HBOT သုံးရာမှာ အန္တရာယ်များရှိနိုင်တာကြောင့် ကုထုံးကို အသုံးမပြုမီ သင့်ရဲ့ အဓိကကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် အမြဲတိုင်ပင်ဆွေးနွေးရပါမယ်။



Source: https://medlineplus.gov/oxygentherapy.html