Enoxaparin သည် သွေးကျဲစေသော low molecular weight Heparin အမျိုးအစားဖြစ်ပါတယ်။ Enoxaparin ဟာ သွေးခဲခြင်းကို ဖြစ်စေသော အရာများကို ဟန့်တားပေးသောကြောင့် သွေးကျဲဆေးလို့ ခေါ်ကြတာပါ။
အသုံးပြုသော ရောဂါများ
အဆုတ်အတွင်း သွေးခဲခြင်းကို ကာကွယ်ရန်နှင့် ကုသရန်အတွက် အသုံးပြုပါတယ်။
လေဖြတ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊နှလုံးဖောက်ခြင်းနှင့် သွေးကြောဆိုင်ရာ ပြဿနာများ ဖြစ်နိုင်ခြေကို နည်းစေပါတယ်။
အိပ်ယာပေါ်လှဲနေရသော လူနာများ၊ တင်ပါးဆုံရိုးအစားထိုးထားသော၊ ဒူးခေါင်းအစားထိုးထားသော၊ အစာအိမ်ခွဲစိတ်ကုသမှုခံယူနေသော လူနာများတွင် ခြေထောက်မှာ သွေးခဲခြင်းကို ကာကွယ်ရန်အတွက် အသုံးပြုပါသည်။
တချို့သော ကျန်းမာရေးပြဿနာများအတွက် enoxaparin ကို အခြား သွေးကျဲဆေးများနှင့်လည်း တွဲသုံးနိုင်ပါတယ်။
အဖြစ်များသော ဘေးထွက်ဆိုးကျိုးများ
ဗိုက်နာခြင်း
ဖျားခြင်း
အင်ပျဉ်ထခြင်း
ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း
ဆေးထိုးထားသည့်နေရာ၌ ယားယံခြင်း၊ ပူလောင်ခြင်း တို့ဖြစ်တတ်ပါတယ်။
အလွန်ပြင်းထန်သော ဓာတ်မတည့်မှုက ဖြစ်ခဲပါတယ်။ သို့သော် အောက်ပါ လက္ခဏာများ ဖြစ်ပေါ်လာပါက ဆရာဝန်နှင့် ချက်ချင်း ဆက်သွယ်ပါ။
ပုံမှန်မဟုတ်သော သွေးထွက်ခြင်း
ဆီး (သို့) ဝမ်းထဲတွင် သွေးပါခြင်း
ခြေကျင်းဝတ်၊ ခြေဖဝါးများ ရောင်ရမ်းခြင်း
အသက်ရှုရခက်ခြင်း
ရုတ်တရက် သွေးအားနည်းခြင်း
မျက်နှာ၊ နှုတ်ခမ်း၊ လျှာ (သို့) လည်ချောင်းများ ရောင်ရမ်း ဖောခြင်း
နှာခေါင်းသွေးထွက်ခြင်း၊ သွားဖုံးသွေးထွက်ခြင်း၊
ပုံမှန်မဟုတ်သော မိန်းမကိုယ်မှ သွေးထွက်ခြင်း
ဆေးထိုးနေစဉ် အရက်သောက်ပါက အစာအိမ်သွေးယိုစီးနိုင်ခြေကို တိုးစေတဲ့အတွက်ကြောင့် ရှောင်ရှားသင့်ပါတယ်။
ခါးနာခြင်း၊ ထုံကျင်ခြင်း၊ ခန္ဓာကိုယ်အောက်ပိုင်းရှိ ကြွက်သားများ အားနည်းခြင်း၊ ဆီးအိမ် (သို့) အူမထိန်းနိုင်ခြင်းကဲ့သို့သော ကျောရိုးမကြီး သွေးခဲခြင်း၏ လက္ခဏာများရှိပါက အရေးပေါ်ဆေးကုသမှု ခံယူပါ။
Enoxaparin သုံးနေစဉ် ဘာတွေ သတိထားရမလဲ
Enoxaparin သည် သွေးထွက်ခြင်းနှင့် ရောင်ရမ်းခြင်းတို့ကို ပိုဖြစ်နိုင်တဲ့ အတွက်ကြောင့် ထိခိုက်ဒဏ်ရာဖြစ်စေမည့် လှုပ်ရှားမှုများကို ရှောင်ကြဉ်ပါ။ မုတ်ဆိတ်ရိတ်ခြင်း (သို့) သွားတိုက်နေစဉ်အတွင်း သွေးထွက်ခြင်းမှ ကာကွယ်ရန် အထူးသတိထားပါ။
လက်ရှိသောက်နေဆဲ (သို့) သောက်ခဲ့ဖူးသော ဆေးဝါးများအပြင် ဖြည့်စွက်စာများ အားလုံးကို ဆရာဝန်အား ပြောပြရန် လိုအပ်ပါတယ်။ ကိုယ်ဝန်ရှိနေလျှင် (သို့) ကလေးယူဖို့ အစီအစဉ်ရှိလျှင်၊ နို့တိုက်မိခင်ဖြစ်လျှင် ဆရာဝန်အား အသိပေးပါ။
အောက်ပါအခြေအနေများ ဖြစ်ပေါ်လာသောအခါတွင် ဆရာဝန်က enoxaparin ကို အသုံးပြုရန် ညွှန်းပေးပါလိမ့်မည်။
လူနာ၏ ခြေထောက်၊ အဆုတ်၊ နှလုံး သို့မဟုတ် အခြားနေရာများတွင် သွေးများခဲနေသောအခါ။
သို့မဟုတ်
လူနာသည် အချိန်ကြာကြာ မလှုပ်ရှားနိုင်ခြင်းကြောင့် ခြေထောက်၌ သွေးများမခဲစေရန် ကာကွယ်ဖို့လိုအပ်သောအခါ။
ဆေးပမာဏနှင့် အသုံးပြုပုံ
သွေးခဲခြင်းကို ကုသရာတွင်သုံးသော enoxaparin ၏ ပမာဏသည် များသောအားဖြင့် သင်၏ကိုယ်အလေးချိန်ပေါ် မူတည်ပါသည်။ Enoxaparin ကို သင်အချိန်ဘယ်လောက်ကြာကြာ သုံးသင့်တယ်ဆိုတာကို သင့်ဆရာဝန်က ဆုံးဖြတ်ပေးပါလိမ့်မည်။ သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်း မပြုဘဲ ဆေးထိုးခြင်းကို မပြုလုပ်ပါနှင့်။
1. လူနာသည် ထိုင်လျက် သို့မဟုတ် လဲလျောင်းလျက်ရှိသင့်ပြီး enoxaparin sodium ကို အရေပြားအောက်ဆုံးတွင် ဆေးထိုးသင့်သည်။ သင့်ဝမ်းဗိုက်၏ ညာဘက် (သို့) ဘယ်ဘက်ခြမ်း၌ ချက်နှင့် အနည်းဆုံး ၅စင်တီမီတာဝေးသောနေရာကို ရွေးပါ။ သင်ဆေးထိုးရန် ရွေးချယ်ထားသော နေရာကို သန့်ရှင်းခြောက်သွေ့အောင်ထားပါ။
သင့်ချက်နှင့် ၅စင်တီမီတာ (၂လက်မ) အကွာအတွင်းရှိသော သို့မဟုတ် အမာရွတ်များ၊ အနာများအနီးတ္ငင် ဆေးမထိုးပါနှင့်။ ဆေးထိုးသည့်နေရာများကို အလှည့်ကျပြောင်းထိုးရန် သတိရပါ။
2. ဆေးထိုးအပ်အဖုံးကို ဆေးထိုးအပ်မှ သေသေချာချာ ဂရုတစိုက် ဆွဲဖယ်လိုက်ပြီး ဆေးထိုးအပ်အဖုံးကို ဘေးဖယ်ထားလိုက်ပါ။
3. သန့်စင်ထားသော ဝမ်းဗိုက်နေရာကို လက်မနှင့် လက်ညှိုးကြားတွင် ညင်သာစွာ ညှပ်လိုက်ခြင်းဖြင့် အရေပြားကို လက်နှစ်ချောင်းကြားထဲမှာ ဆွဲထားပါ။
ဆေးထိုးအပ်အတွင်းရှိ လေပူဖောင်းများကို ဖယ်ရှားမပစ်ပါနှင့်။
လက်မနှင့် လက်ညှိုးကြားရှိ အရေပြားထဲသို့ အပ်ရဲ့အရှည်အားလုံးကို ထောင့်မှန်အနေအထားဖြင့် ထိုးသွင်းလိုက်ပါ။ ဆေးထိုးပြွတ်တံကို အဆုံးထိ ဖိလိုက်ခြင်းဖြင့် ဆေးကို ဖြည်းဖြည်းထိုးသွင်းပါ။
ဆေးထိုးနေချိန် ကာလတစ်လျှောက်လုံး အရေပြားကို လက်နှစ်ချောင်းကြားတွင် ညှပ်ထားသင့်သည်။ ထိခိုက်ဒဏ်ရာရနိုင်ချေ နည်းစေရန် ဆေးထိုးပြီးသည်နှင့် ဆေးထိုးသည့်နေရာကို မပွတ်ပါနှင့်။
4. လက်ညှိုးကို plunger ပေါ်တွင်ဆက်ထားပြီး ဆေးထိုးသည့်နေရာမှ ဆေးထိုးအပ်ကို ဖယ်ရှားလိုက်ပါ။ အပ်ကို ထုတ်ယူလိုက်သည်နှင့်တပြိုင်နက် ညှပ်ထားသောအရေပြားကို လွှတ်လိုက်လို့ရပါပြီ။ ဤအဆင့်တွင် plunger ပေါ်ထားသော ဖိအားကို လျှော့ချလိုက်လို့ရပါပြီ။
5. အပ်ကို အဖုံးပြန်စွပ်ပြီး အချွန်အထက်များသိမ်းသည့်နေရာတွင် ဆေးထိုးအပ်ကို ချက်ချင်းလွှတ်ပစ်လိုက်ပါ။ မိုင်လိုဘူး သို့မဟုတ် ဆပ်ပြာဘူးများကဲ့သို့ ဘူးအမာများကိုလည်း အချွန်အထက်များထည့်ရန် အသုံးပြုနိုင်ပါသည်။
ဆေးတစ်လုံးထိုးဖို့ လွတ်သွားသောအခါ
လွတ်သွားသောဆေးကို သတိရသည်နှင့် ချက်ချင်းထိုးပါ။ အကယ်၍ နောက်တစ်ကြိမ်ထိုးရန်အချိန်နှင့် နီးကပ်လာပါက လွတ်သွားသောဆေးကို ကျော်လိုက်ပြီး ပုံမှန်အချိန်ဇယားအတိုင်း ဆက်သွားပါ။ ဆေးနှစ်ကြိမ်ကို တစ်ပြိုင်နက်မထိုးပါနှင့်။
သတိထားရမည့်အချက်များ
Enoxaparin သည် သွေးထွက်ခြင်းနှင့် ရောင်ရမ်းခြင်းဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါသည်။ သတိထားရမည့်အချက်အချို့မှာ နှခေါင်းသွေးလျှံခြင်း၊ ပြင်းထန်စွာ ဓမ္မတာလာခြင်းနှင့် သွားဖုံးသွေးယိုခြင်းတို့ ပါဝင်ပါသည်။ ထိုအခါမှာ ပျော့ပျောင်းသော သွားတိုက်တံကို ပြောင်းသုံးရန် လိုကောင်းလိုလိမ့်မည်။ ဤဘေးထွက်ဆိုးကျိုးများ ခံစားရပါက သင်၏ဆရာဝန်အား အမြန်ဆုံးအကြောင်းကြားရပါမည်။
အရေပြားအောက်တွင် အတွင်းကြေဒဏ်ရာများနှင့် ပင်အပ်အရွယ်ရှိသော သွေးအစက်များရှိမရှိ နေ့စဉ် သင့်ကိုယ်သင်စစ်ဆေးပါ။ မည်သည့်ဒဏ်ရာကိုမှ နှိပ်နယ်ခြင်းမပြုပါနှင့်။
ကရာတေး၊ ဂျူဒိုတို့လို ကိုယ်ခံပညာများနှင့် အားကစားအချို့က ဒဏ်ရာဒဏ်ချက် ပိုများစေနိုင်တာကြောင့် ရှောင်ကြဉ်သင့်ပါသည်။
ခွဲစိတ်မှုမျာ၊ သွားနှင့်ခံတွင်းဆိုင်ရာ လုပ်ငန်းဆောင်တာများလုပ်ဖို့ရှိပါက enoxaparinကို ရပ်ပစ်ဖို့လိုမလို သင့်ဆရာဝန်ထံ တိုင်ပင်ပါ။
ဘေးထွက်ဆိုးကျိုးများ
ဆေးထိုးသည့်နေရာ၌ နာကျင်ခြင်း (၎င်းကိုကာကွယ်ရန် ဆေးထိုးသည့်နေရာများကို အလှည့်ကျထိုးသင့်သည်။)
ဆေးထိုးသည့်နေရာ၌ အနည်းငယ် ပွန်းပဲ့ဒဏ်ရာရခြင်း
၀မ်းဗိုက်တွင် သို့မဟုတ် ဆေးထိုးသည့်နေရာတွင် ဒဏ်ရာပိုကြီးလာပါက ဆေးကိုမှန်ကန်စွာ မထိုးထားတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒဏ်ရာများ ပိုများလာခြင်း သို့မဟုတ် ပိုမိုဆိုးရွားလာခြင်းကို သတိထားမိပါက သင့်ဆရာဝန်ကို ဆက်သွယ်ပြီး အကြံဉာဏ်တောင်းခံပါ။
ဒါတွေဟာ ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးအားလုံး မဟုတ်သေးပါဘူး။ သင့်တွင် enoxaparin ၏ဘေးထွက်ဆိုးကျိုးများနှင့် ပတ်သက်၍ မေးခွန်းများရှိပါက ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူများထံ မေးမြန်းပါ။
ကိုင်တွယ်ခြင်းနှင့် သိုလှောင်ခြင်း
ဆေးထိုးအပ်များကို ကလေးများလက်လှမ်းမမီသော၊ လုံခြုံသောနေရာတွင်ထားပါ။ ဆေးထိုးအပ်များကို အပူနှင့် တိုက်ရိုက်အလင်းရောင်မရသော၊ ခြောက်သွေ့သောနေရာတွင် အခန်းအပူချိန်၌ ထားပါ။ ရေခဲသေတ္တာ (သို့) အအေးခန်းများတွင် မထားပါနှင့်။ အသုံးပြုပြီးသော ဆေးထိုးအပ်များကို စနစ်တကျ စွန့်ပစ်သင့်သည်။
ကျန်းမာရေးအကြံဉာဏ် ထပ်မံတောင်းခံသင့်သည့် အချိန်များ
နှုတ်ခမ်း သို့မဟုတ် မျက်လုံးများရောင်ရမ်းခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ နီမြန်းခြင်း၊ ယားယံခြင်းတို့လို ဓာတ်မတည့်မှုလက္ခဏာများကို သတိပြုပါ။ ၎င်းတို့ဖြစ်ပေါ်လာပါက ချက်ချင်း ဆေးကိုရပ်လိုက်ပြီး ဆရာဝန်နှင့်ပြပါ။
ဒါ့အပြင် သ့င်မှာကိုယ်ဝန်ရှိနေတယ်လို့ သံသယရှိပါက ဆရာဝန်နှင့် ချက်ချင်းတိုင်ပင်ပါ။ ကိုယ်ဝန်မရခင် သို့မဟုတ် နို့တိုက်ရန်ဆုံးဖြတ်ခြင်းမပြုမီလည်း သင့်ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။
အောက်ပါတို့ကို ခံစားနေရတယ်ဆိုရင်တော့ အရေးပေါ်ဌာနကို ချက်ချင်းသွားရပါမည်:
ကော်ဖီစေ့အရောင်များ ပျို့အန်ခြင်း
ဆီးအရောင်နောက်ခြင်း၊ အရောင်ရင့်ခြင်း သို့မဟုတ် လက်ဖက်ရည်ကြမ်းအရောင်ရှိခြင်း
အရောင်ရင့်ပြီး အနံ့ဆိုးသောဝမ်းသွားခြင်း
ခန္ဓာကိုယ် မည်သည့်အစိတ်အပိုင်းတွင်မဆို ဒဏ်ရာများပိုဆိုးလာခြင်း
ဖိအားကို ၁၅မိနစ်ကျော်ကြာ အဆက်မပြတ်ပေးနေသော်လည်း ဆက်လက်၍ ပြင်းထန်စွာ သွေးထွက်နေခြင်း
ရုတ်တရပ် အသက်ရှူကြပ်ခြင်း
ရင်ဘတ်တင်းကျပ်ခြင်း (သို့) ရင်ဘတ်အောင့်ခြင်းများ ပိုမိုပြင်းထန်လာခြင်း
ရုတ်တရက် အမြင်အာရုံ၀ေ၀ါးသွားခြင်း (“blackouts”)၊ ပျို့အန်ခြင်းနှင့် အော့အန်ခြင်း သို့မဟုတ် မှတ်ဉာဏ်ချို့တဲ့ခြင်း၊
ခန္ဓာကိုယ်တစ်ဖက်ခြမ်းတွင် ထုံခြင်း သို့မဟုတ် အားနည်းခြင်း
ခြေထောက်များ ရုတ်တရက် နီရဲ၍ ရောင်ရမ်းနေခြင်း၊ နွေးထွေးပြီး နာကျင်ခြင်းများ။
အခြားညွှန်ကြားထားတာမျိုးမှလွှဲ၍ နောက်ရက်ချိန်းမတိုင်မီအထိ သင့်တွင် လုံလောက်သောဆေးပမာဏရှိနေရန် အရေးကြီးပါသည်။ ဆရာ၀န်နှင့်နောက်ထပ်ချိန်းဆိုမှုမတိုင်မီ ဆေးပြတ်လပ်နေပါက သင်၏ချိန်းဆိုမှုကို ရှေ့တိုးလိုက်ပါ သို့မဟုတ် ဆေးကိုရအောင်ရှာဖွေပါ။
ရရှိနိုင်သော enoxaparinဆေးများ
Enoxaparin အတွက် ကုန်အမှတ်တံဆိပ်အမျိုးမျိုးရှိပြီး ပြင်းအားအမျိုးအစား သုံးမျိုးရှိပါသည်။
အဝါရောင်ဆေးထိုးအပ်: 40mg/0.4ml
လိမ္မော်ရောင်ဆေးထိုးအပ်: 60mg/0.6ml
အညိုရောင်ဆေးထိုးအပ်: 80mg/0.8ml
Source: https://www.healthhub.sg/a-z/medications/121/enoxaparin