သင့်ကလေးဟာ တစ်နေရာထဲမှာ ငြိမ်ငြိမ်နေဖို့ ခက်ခဲနေပါသလား။ သင့်ကလေးဟာ ဉီးစွာစဉ်းစားခြင်းမရှိဘဲ စိတ်လိုက်မာန်ပါပြုမူတတ်ပါသလား။ သင့်ကလေးဟာ စပြီးသားအရာတွေကို ပြီးအောင်မလုပ်ဘဲ နေတတ်ပါသလား။ ဒါဆိုရင်တော့ သင့်ရဲ့ကလေးမှာ ADHD လ်ို့အတိုကောက်ခေါ်တဲ့ attention deficit hyperactivity disorder (အာရုံစူးစိုက်မှုချို့တဲ့ပြီး တက်ကြွမှုလွန်ခြင်း) ရှိကောင်းရှိနေနိုင်ပါတယ်။ လူတိုင်းနီးပါးမှာ ဒီအပြုအမူအချို့ကို တစ်ခါတစ်ရံမှာ ပြတတ်ပေမယ့် ADHD က ၆လကျော်ကြာပြီး ကျောင်း၊ အိမ်နဲ့ လူမှုရေးဆက်ဆံတဲ့ အခြေအနေတွေမှာ ပြဿနာတွေဖြစ်ပေါ်စေပါတယ်။


ADHDက အမျိုးသမီးတွေထက် အမျိုးသားတွေမှာ အဖြစ်များလေ့ရှိပြီး အဓိက အင်္ဂါရပ်များမှာ:

  • အာရုံစိုက်ရာတွင် အခက်အခဲများရှိခြင်း (inattention)

  • အလွန်အမင်း တက်ကြွလှုပ်ရှားခြင်း (hyperactivity)

  • မစဉ်းစားပဲ ပြုမူတတ်ခြင်း (impulsivity)

တို့ပဲ ဖြစ်ပါတယ်။



ADHD ဖြစ်ရတဲ့အကြောင်းအရင်းကို ဘယ်သူမျှ အတိအကျမပြောနိုင်ကြပါဘူး။ တစ်ခါတစ်ရံမှာတော့ မိသားစုအတွင်းမှာ ဖြစ်တတ်တာကြောင့် မျိုးရိုးဗီဇကလဲ အကြောင်းတစ်ခုဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ် ဆေးလိပ်၊ အရက်နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ငယ်ရွယ်စဉ်မှာ ပတ်ဝန်းကျင်က အဆိပ်ဖြစ်စေတဲ့အရာများနှင့် ထိတွေ့မှုရှိခြင်း၊ မွေးကာစကိုယ်အလေးချိန်နည်းခြင်း၊ ဦးနှောက်ထိခိုက် ဒဏ်ရာရမှု စတဲ့အခြားအချက်များကလဲ ADHD ဖြစ်ရတဲ့ အကြောင်းအရင်းမှာ ပါဝင်နိုင်ပါတယ်။


*ADHD ကို ဖုန်း၊ TV စတဲ့ မျက်နှာပြင်တွေ အကြည့်များခြင်း၊ မိဘအုပ်ထိန်းမှု ညံ့ဖျင်းခြင်း သို့မဟုတ် သကြားအလွန်အကျွံစားခြင်း စတဲ့အချက်တွေကြောင့် ဖြစ်စေတယ်ဆိုတာ မဟုတ်ပါဘူး။ 

သို့သော်လည်း ဆေးကုသမှုခံယူခြင်း၊ ကျန်းမာသော အစားအစာများစားခြင်း၊ လုံလောက်တဲ့ အိပ်စက်မှုနှင့် လေ့ကျင့်ခန်းလုပ်ခြင်း၊ ADHD ကို ဘယ်လိုတုံ့ပြန်ရမလဲသိပြီး အားပေးအထောက်အကူပြုပေးသော မိဘများရှိပါက ကလေးငယ်တို့ရဲ့ ADHD ဟာ တိုးတက်ကောင်းမွန်လာနိုင်သည်။


ADHD ရဲ့ လက္ခဏာတွေက ကလေးအရွယ်မှာ စပြီးပြတာဖြစ်သော်လည်း ADHDက ကလေးတွေမှာသာ ဖြစ်တတ်တဲ့ disorder တစ်ခု မဟုတ်ပါဘူး။ ADHD ဟာ မြီးကောင်ပေါက်အရွယ်နဲ့ လူကြီးဘဝအထိ ဆက်လက်ဖြစ်နိုင်ပါတယ်။ ကလေးကနေ ဆယ်ကျော်သက်ဖြစ်လာတဲ့အချိန်မှာ hyperactivity အခြေအနေ တိုးတက်လာပေမယ့် အာရုံမစူးစိုက်နိုင်ခြင်း၊ စနစ်မကျခြင်းနှင့် စိတ်လိုက်မာန်ပါလုပ်ခြင်းများကတော့ ဆယ်ကျော်သက်အရွယ်ကတစ်ဆင့် လူကြီးဖြစ်သည်အထိ ဆက်လက်ဖြစ်ပေါ်တတ်လေ့ရှိပါတယ်။



မိဘတွေအနေနဲ့ ဘယ်လိုကူညီပေးနိုင်မလဲ။

အကယ်၍ သင့်ကလေးမှာ ADHD ရှိနေမယ်ဆိုရင် မိဘတွေရဲ့ ထောက်ခံကူညီမှုက သင့်ကလေးအတွက် အလွန်အရေးကြီးတာကြောင့် ADHD အကြောင်း တတ်နိုင်သမျှလေ့လာပါ။  သင့်ကလေးရဲ့ ဆရာဝန်က အကြံပြုထားသော ကုသမှုကို လိုက်နာပါ။

သင့်ကလေးရဲ့ အခြေအနေကိုသိရှိရန် ကျောင်းမှ ဆရာများနှင့် မကြာခဏတွေ့ဆုံပါ။ ADHD ရှိတဲ့ ကလေးတစ်ယောက်အတွက် ဘယ်လိုမိဘအုပ်ထိန်းမှုမျိုးက အကောင်းဆုံးဖြစ်မယ်၊ ဘယ်ဟာက ပိုဆိုးရွားစေမယ်ကို လေ့လာပါ။ သင့်ကလေးနှင့် ADHD အကြောင်း ပွင့်ပွင့်လင်းလင်း ထောက်ခံပြောဆိုပြီး  သင့်ကလေးရဲ့ အားသာချက်များနှင့် ကောင််းတဲ့အရည်အချင်းတွေကို အာရုံစိုက်ပြီး ပြောပေးပါ။ ADHD နဲ့ပတ်သက်တဲ့ ကုသမှုများနဲ့ နောက်ဆုံးရသတင်းများသိရအောင် ADHDအတွက် support group တစ်ခုခုမှာ အဖွဲ့ဝင်ထားပါ။


သက်ဆိုင်ရာကျွမ်းကျင်တဲ့ professional တစ်ဦးက ပြည့်စုံစွာ အကဲဖြတ်ပြီးမှသာ သင့်ရဲ့ကလေးမှာ ADHD ရှိမရှိကို သေချာစွာသိနိုင်မှာ ဖြစ်ပြီး ကုသမှုတွင် ရောဂါလက္ခဏာတွေကို ထိန်းချုပ်ဖို့ဆေးများ၊ ကုထုံး (သို့) ၂မျိုးလုံး ပါဝင်နိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ကလေးမှာ ADHD ရှိနိုင်တယ်လို့ သံသယရှိပါက ဆရာဝန်နဲ့ အမြန်ရက်ချိန်းယူလိုက်ပါ။


အသေးစိတ်သိရှိလိုပါက My Medicine website ရဲ့ Chat Box Messenger သို့မဟုတ် ဖုန်းနံပါတ် 9779995588 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။