အဆုတ်ကင်ဆာဆိုတာ အဆုတ်မှစတင်ဖြစ်ပွားတဲ့ ကင်ဆာအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ အဆုတ်တွေက အသက်ရှူသွင်းတဲ့အခါ အောက်ဆီဂျင်ကိုယူပြီး အသက်ရှူထုတ်တဲ့အခါ ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုထုတ်ပေးတဲ့ ရင်ဘတ်ထဲက ခန္ဓာကိုယ်အင်္ဂါနှစ်ခုပဲ ဖြစ်ပါတယ်။


အဆုတ်ကင်ဆာဟာ ကမ္ဘာတစ်ဝန်း သေဆုံးမှုအများဆုံး ကင်ဆာရောဂါတစ်မျိုးလည်း ဖြစ်ပါတယ်။ 


ဆေးလိပ်သောက်သူတွေမှာ အဆုတ်ကင်ဆာဖြစ်နိုင်ချေ အများဆုံးဖြစ်ပေမယ့် ဆေးလိပ်မသောက်ဖူးတဲ့သူတွေမှာလည်း အဆုတ်ကင်ဆာဖြစ်နိုင်ပါတယ်။  အဆုတ်ကင်ဆာဖြစ်နိုင်ချေဟာ ဆေးလိပ်သောက်သည့် အချိန်နှင့် အရေအတွက်ကိုလိုက်ပြီး မြင့်တက်လာမှာဖြစ်ပါတယ်။နှစ်ပေါင်းများစွာ ဆေးလိပ်သောက်ခဲ့ပြီးမှ ဆေးလိပ်ဖြတ်လိုက်လျှင်ပင် အဆုတ်ကင်ဆာဖြစ်ပွားနိုင်ခြေကို သိသိသာသာ လျှော့ချနိုင်မှာဖြစ်ပါတယ်။



အဆုတ်ကင်ဆာရောဂါလက္ခဏာများ

အဆုတ်ကင်ဆာက များသောအားဖြင့် အစောဆုံးအဆင့်‌တွေမှာ ရောဂါလက္ခဏာမပြတတ်ပါဘူး။ အဆုတ်ကင်ဆာ ရောဂါလက္ခဏာ‌တွေကို ပုံမှန်အားဖြင့် ရောဂါပြင်းထန်လာမှသာ မြင်တွေ့ရတတ်ပါတယ်။


အဆုတ်ကင်ဆာရဲ့ ရောဂါလက္ခဏာများမှာတော့ အောက်ပါတို့ ပါဝင်ပါတယ်:

  • ချောင်းဆိုးတာ ရပ်မသွားခြင်း

  • ချောင်းဆိုးလျှင် သွေးအနည်းငယ်ထွက်ခြင်း

  • အသက်ရှူကြပ်ခြင်း

  • ရင်ဘတ်အောင့်ခြင်း

  • အသံတိမ်ခြင်း

  • မရည်ရွယ်ဘဲ ကိုယ်အလေးချိန်ကျခြင်း

  • အရိုးနာကျင်ခြင်း

  • ခေါင်းကိုက်ခြင်း။




ဆရာဝန်ပြသင့်သည့်အချိန်

သင့်တွင် စိုးရိမ်ပူပန်စရာ လက္ခဏာများရှိနေပါက သင်၏ဆရာဝန်နှင့် ရက်ချိန်းယူပါ။


သင်က ဆေးလိပ်သောက်သူဖြစ်ပြီး ဆေးလိပ်မဖြတ်နိုင်ပါက ဆရာဝန်နှင့် တိုင်ပင်ပါ။ သင့်ဆရာဝန်က ဆေးလိပ်ဖြတ်ရန်အတွက် အကြံပေးချက်များ၊ ဆေးဝါးများနှင့် နီကိုတင်းအစားထိုးပစ္စည်းများကဲ့သို့သော နည်းလမ်းများကို အကြံပြုပေးပါလိမ့်မယ်။



အဆုတ်ကင်ဆာဖြစ်စေသည့် အကြောင်းအရင်းများ

ဆေးလိပ်သောက်ခြင်းဟာ ဆေးလိပ်သောက်သူနှင့် ဆေးလိပ်ငွေ့ရှူရှိုက်မိသူများတွင် အဆုတ်ကင်ဆာ အများဆုံးဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုပဲ ဖြစ်ပါတယ်။ သို့သော် အဆုတ်ကင်ဆာဟာ ဆေးလိပ်မသောက်ဖူးသောသူများနှင့် ဆေးလိပ်ငွေ့ကို ကြာရှည်စွာထိတွေ့ဖူးသူများတွင်လည်း ဖြစ်ပွားတတ်ပါတယ်။  ဤအခြေအနေများတွင် အဆုတ်ကင်ဆာဖြစ်စေသော အကြောင်းရင်းကို ရှင်းရှင်းလင်းလင်းမသိနိုင်ပေ။



ဆေးလိပ်သောက်ခြင်းနှင့် အဆုတ်ကင်ဆာ

ဆေးလိပ်သောက်တာက အဆုတ်မှာရှိတဲ့ဆဲလ်တွေကို ပျက်စီးစေတာကြောင့် အဆုတ်ကင်ဆာဖြစ်စေတယ်လို့ ဆရာဝန်တွေက ယုံကြည်ကြပါတယ်။  ကင်ဆာဖြစ်စေသောဓာတ်များ (carcinogens) ပြည့်နေသော စီးကရက်မီးခိုးငွေ့ကို ရှူရှိုက်လိုက်သောအခါ အဆုတ်တစ်သျှူးများတွင် ပျက်စီးမှုများ ချက်ချင်းဖြစ်ပေါ်လာပါတယ်။


အစပိုင်းမှာ ခန္ဓာကိုယ်က ဒီပျက်စီးမှုကို ပြန်လည်ပြုပြင်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် အကြိမ်ကြိမ်ထိတွေ့တဲ့အခါမှာတော့ အဆုတ်မှာရှိတဲ့ ပုံမှန်ဆဲလ်တွေက ပိုမိုပျက်စီးလာပါတော့တယ်။ အချိန်ကြာလာသည်နှင့်အမျှ ပျက်စီးမှုများကြောင့် ဆဲလ်များပုံမှန်မဟုတ်တော့ဘဲ နောက်ဆုံးတွင် ကင်ဆာဖြစ်လာပါတော့တယ်။



အဆုတ်ရောဂါအမျိုးအစားများ

ဆရာဝန်များက အဏုကြည့်မှန်အောက်တွင် မြင်ရသော အဆုတ်ကင်ဆာဆဲလ်များပေါ် မူတည်၍ အဆုတ်ကင်ဆာကို အဓိကအမျိုးအစား (၂) မျိုး ခွဲထားပါတယ်။ သင့်ဆရာဝန်က သင့်တွင် မည်သည့်အဆုတ်ကင်ဆာအမျိုးအစား ခံစားနေရသည့်အပေါ်မူတည်၍ ကုသမှုဆုံးဖြတ်ချက်များကို ချမှတ်ပါလိမ့်မယ်။


အဆုတ်ကင်ဆာ ယေဘုယျအမျိုးအစား (၂)မျိုးကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်:


Small cell lung cancer သည် ဆေးလိပ်အလွန်အကျွံသောက်သူများတွင်သာ လုံးဝနီးပါးဖြစ်လေ့ရှိပြီး Non-small cell lung cancer ထက် အဖြစ်နည်းပါတယ်။ 

Non-small cell lung cancer သည် အဆုတ်ကင်ဆာ အမျိုးအစားများစွာအတွက် ယေဘုယျအသုံးအနှုန်းတစ်ခု ဖြစ်ပါတယ်။  Non-small cell lung cancer များတွင် squamous cell carcinoma, adenocarcinoma နှင့် large cell carcinoma တို့ပါဝင်ပါတယ်။ 



အဆုတ်ကင်ဆာအတွက် သတိပြုသင့်သည့် အချက်များ

အချက်များစွာက သင့်ရဲ့ အဆုတ်ရောဂါဖြစ်နိုင်ချေကို မြင့်တက်စေနိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်းကဲ့သို့ အချို့အန္တရာယ်ရှိသော အချက်များကိုတော့ ဆေးလိပ်ဖြတ်လိုက်ခြင်းဖြင့် ထိန်းချုပ်လို့ရနိုင်ပါတယ်။ သင့်မိသားစုရာဇဝင်ကဲ့သို့သော အခြားအချက်အလက်များကိုတော့ ထိန်းချုပ်လို့ရနိုင်မှာ မဟုတ်ပါဘူး။


အဆုတ်ကင်ဆာအတွက် သတိပြုသင့်သည့် အချက်များတွင် အောက်ပါတို့ပါဝင်ပါတယ်:

  • ဆေးလိပ်သောက်ခြင်း - သင်နေ့တိုင်းသောက်သော ဆေးလိပ်အရေအတွက်နှင့် ကြာချိန်ပေါ် မူတည်ပြီး သင့်အတွက် အဆုတ်ကင်ဆာဖြစ်နိုင်ချေဟာ မြင့်တက်လာပါတယ်။  မည်သည့်အသက်အရွယ်တွင်မဆို ဆေးလိပ်ဖြတ်လိုက်ခြင်းက အဆုတ်ကင်ဆာဖြစ်ပွားနိုင်ချေကို သိသိသာသာ လျော့ကျစေပါတယ်။


  • ဆေးလိပ်ငွေ့ရှူရှိုက်မိခြင်း -  သင်က ဆေးလိပ်မသောက်ရင်တောင် ဆေးလိပ်ငွေ့ကို ရှုရှိုက်မိရုံနှင့် အဆုတ်ကင်ဆာဖြစ်နိုင်ချေ ပိုများလာပါတယ်။


  • ဓာတ်ရောင်ခြည်ကုထုံး -  အကယ်၍ သင်သည် အခြားကင်ဆာတစ်မျိုးအတွက် ရင်ဘတ်တွင် ဓာတ်ရောင်ခြည်ကုထုံးကို ခံယူဖူးပါက အဆုတ်ကင်ဆာဖြစ်ပွားနိုင်ခြေ ပိုများလာနိုင်ပါတယ်။


  • ရေဒွန်ဓာတ်ငွေ့နှင့်ထိတွေ့ခြင်း - မြေဆီလွှာ၊ ကျောက်နှင့် ရေတို့တွင် ယူရေနီယမ်၏ သဘာဝပြိုကွဲမှုကြောင့် ထွက်ပေါ်လာသော ရေဒွန်ဟာ သင်ရှူရှိုက်လိုက်သောလေရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။  အိမ်များအပါအ၀င် မည်သည့်အဆောက်အအုံတွင်မဆို အန္တရာယ်မကင်းသော ရေဒွန်ပမာဏများ စုပြုံလာနိုင်ချေရှိပါတယ်။


  • Asbestos အပြင် အခြားကင်ဆာဖြစ်စေသည့် ပစ္စည်းများနှင့် ထိတွေ့ခြင်း -  အာဆင်းနစ်၊ ခရိုမီယမ်နှင့် နီကယ်ကဲ့သို့ ကင်ဆာဖြစ်စေသောဓာတ်များနှင့် အခြားအရာများအား လုပ်ငန်းခွင်၌ထိတွေ့ခြင်းသည် အထူးသဖြင့် သင်ကဆေးလိပ်သောက်သူဖြစ်ပါက အဆုတ်ကင်ဆာဖြစ်ပွားနိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။


  • အဆုတ်ကင်ဆာဖြစ်ဖူးသော မိသားစုရာဇဝင် -  မိဘ၊ မောင်နှမများနှင့် ကလေးများတွင် အဆုတ်ရောဂါဖြစ်ဖူးသူများတွင်လည်း  ရောဂါဖြစ်နိုင်ချေပိုများပါတယ်။




နောက်ဆက်တွဲ အကျိုးဆက်များ

အဆုတ်ကင်ဆာကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ အကျိုးဆက်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်:


  • အသက်ရှူကြပ်ခြင်း -  အဆုတ်ကင်ဆာရှိသူများတွင် ကင်ဆာကြီးထွားလာပါက အဓိကအသက်ရှူလမ်းကြောင်းများပိတ်ဆို့သွားတာကြောင့် အသက်ရှူကြပ်ခြင်းကို ခံစားရနိုင်ပါတယ်။ အဆုတ်ကင်ဆာဟာ အဆုတ်တစ်ဝိုက်တွင် အရည်များစုပြုံစေပြီး အသက်ရှူသွင်းတဲ့အခါ ထိခိုက်မိသော အဆုတ်ကို အပြည့်အ၀ချဲ့ရန် ပိုမိုခက်ခဲစေပါတယ်။


  • ချောင်းဆိုးလျှင် သွေးပါခြင်း -  အဆုတ်ကင်ဆာသည် အသက်ရှုလမ်းကြောင်း၌ သွေးထွက်စေနိုင်တာကြောင့် ချောင်းဆိုးတဲ့အခါ သွေးထွက်စေခြင်း (hemoptysis) ကို ဖြစ်စေသည်။ တစ်ခါတစ်ရံမှာ သွေးထွက်ခြင်းက အလွန်ပြင်းထန်လာနိုင်ပါတယ်။  သွေးထွက်ခြင်းကို ထိန်းချုပ်ရန်အတွက် ကုသမှုများလည်း ရှိပါတယ်။


  • နာကျင်ခြင်း -  အဆင့်မြင့်အဆုတ်ကင်ဆာဟာ အဆုတ်၏အတွင်းပိုင်းသို့ ပျံ့နှံ့သွားပြီး အရိုးကဲ့သို့သော ခန္ဓာကိုယ်ရဲ့ အခြားနေရာများကို နာကျင်စေနိုင်ပါတယ်။ နာကျင်မှုကိုထိန်းချုပ်ရန် ကုသနိုင်သောနည်းလမ်းများစွာ ရှိတာကြောင့် နာကျင်မှုကိုခံစားရလျှင် သင်၏ဆရာဝန်ကို ပြောပါ။ 


  • ရင်ဘတ်တွင် အရည်များစုပြုံခြင်း (pleural effusion) - အဆုတ်ကင်ဆာဟာ ရင်ဘတ်ခေါင်း (pleural space) တွင် ထိခိုက်ထားသောအဆုတ်ကို ဝန်းရံထားသောနေရာ၌ အရည်များ စုပြုံစေနိုင်ပါတယ်။


ရင်ဘတ်တွင် အရည်များစုပုံလာခြင်းက အသက်ရှူကြပ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။  ရင်ဘတ်မှ အရည်ကိုထုတ်ယူခြင်းဖြင့် pleural effusion ပြန်ဖြစ်စေမည့် အန္တရာယ်ကိုလျှော့ချရန် ကုသမှုများလည်း ရှိပါတယ်။


  • ကင်ဆာသည် ခန္ဓာကိုယ်၏အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားခြင်း (metastasis) -  အဆုတ်ကင်ဆာဟာ ဦးနှောက်နှင့် အရိုးတို့လို ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားတတ်ပါတယ်။


ပျံ့နှံ့နေသောကင်ဆာသည် အခြားမည်သည့်အင်္ဂါများကို ထိခိုက်စေခြင်းပေါ် မူတည်၍ နာကျင်မှု၊ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်နှင့် အခြားရောဂါလက္ခဏာများကို ခံစားရစေပါတယ်။ အဆုတ်ကင်ဆာသည် အဆုတ်အပြင်ဘက်ကို ပျံ့နှံ့သွားပါက ၎င်းကို ယေဘုယျအားဖြင့် မကုသနိုင်တော့ပါ။ ရောဂါလက္ခဏာများ ခံစားရမှုကို လျှော့ချရန်နှင့် အသက်ပိုရှည်စေရန်အတွက် ကူညီပေးနိုင်တဲ့ ကုသမှုများတော့ ရှိပါတယ်။



ကာကွယ်နည်းများ

အဆုတ်ရောဂါမဖြစ်အောင် ကာကွယ်နိုင်တဲ့ နည်းလမ်းရယ်လို့ မရှိပါဘူး။ သို့ပေမယ့် ဖြစ်နိုင်ချေလျော့နည်းအောင်တော့ အောက်ပါတို့ကို လုပ်ဆောင်လို့ရပါတယ်။



  • ဆေးလိပ်မသောက်ပါနှင့် - ဆေးလိပ်မသောက်ဖူးတဲ့သူဆိုလျှင် စသောက်ဖို့ မစဉ်းစားပါနှင့်။  အဆုတ်ကင်ဆာဖြစ်ပွားနိုင်ခြေကို ဘယ်လိုရှောင်ရှားနိုင်မလဲဆိုတာ နားလည်နိုင်အောင် ကလေးတွေကို ဆေးလိပ်သောက်ခြင်းကို ရှောင်ရှားဖို့ ရှင်းပြပါ။ ရွယ်တူတွေက ဖိအားပေးလာတဲ့အခါ ဘယ်လိုတုံ့ပြန်ရမလဲသိအောင် ကလေးတွေကို ဆေးလိပ်သောက်ခြင်းရဲ့ အန္တရာယ်အကြောင်း စောစောစီးစီးက ရှင်းပြထားပါ။


  • ဆေးလိပ်ဖြတ်လိုက်ပါ - ယခုချက်ချင်းပဲ ဆေးလိပ်သောက်တာကို ရပ်လိုက်ပါ။ သင်နှစ်ပေါင်းများစွာ ဆေးလိပ်သောက်ခဲ့ရင်တောင် ဆေးလိပ်ဖြတ်လိုက်ခြင်းက အဆုတ်ကင်ဆာဖြစ်နိုင်ချေကို လျော့နည်းစေမှာ ဖြစ်ပါတယ်။ သင့်အတွက် ဆေးလိပ်ဖြတ်နိုင်မည့် နည်းဗျူဟာများနှင့် ဆေးလိပ်ဖြတ်ရန် အကူအညီများအကြောင်း သင့်ဆရာဝန်နှင့် ဆွေးနွေးပါ။ ရွေးချယ်စရာများတွင် နီကိုတင်းအစားထိုးထုတ်ကုန်များ၊ ဆေးဝါးများနှင့် ‌ေထာက်ပံ့ရေးအဖွဲ့များ ပါ၀င်ပါတယ်။


  • ဆေးလိပ်ငွေ့ မရှုမိပါစေနှင့် - သင်က ဆေးလိပ်သောက်သူနှင့် အတူနေ (သို့) အလုပ်အတူတူလုပ်ရပါက ၎င်းကို ဆေးလိပ်ဖြတ်ဖို့ တိုက်တွန်းပေးပါ။ အနည်းဆုံးတော့ အပြင်ထွက်ပြီး ဆေးလိပ်သောက်ပေးဖို့ တောင်းဆိုပါ။။ စားသောက်ဆိုင်နှင့် bar တို့လို ‌ဆေးလိပ်သောက်သူတွေရှိတဲ့နေရာများကို ရှောင်ပြီး ဆေးလိပ်သောက်သူ မရှိတဲ့ နေရာများကိုသာ ‌ရွေးချယ်ပါ။


  • သင့်အိမ်တွင်း ရေဒွန်ပမာဏကို စမ်းသပ်ပါ -  အထူးသဖြင့် သင်ဟာ  ရေဒွန်များသည့်ဒေသတွင် နေထိုင်ပါက သင့်အိမ်တွင်း ရေဒွန်ပမာဏ စစ်ဆေးကြည့်ပါ။  သင်၏အိမ် ပိုမိုလုံခြုံစေရန်အတွက် မြင့်မားသောရေဒွန်ပမာဏကို ပြုပြင်နိုင်ပါတယ်။  ရေဒွန်စမ်းသပ်ခြင်းဆိုင်ရာ အချက်အလက်များအတွက် သင်၏ဒေသခံကျန်းမာရေးဌာနသို့ ဆက်သွယ်ကြည့်ပါ။


  • အလုပ်မှာ ကင်ဆာဖြစ်စေတဲ့ ပစ္စည်းတွေကို ရှောင်ပါ -  လုပ်ငန်းခွင်၌ အဆိပ်သင့်ဓာတုပစ္စည်းများနှင့် ထိတွေ့ခြင်းမှ ကာကွယ်ရန် ကြိုတင်ကာကွယ်မှုများပြုလုပ်ပါ။  သင့်အလုပ်ရှင်ရဲ့ သတိပေးချက်များကို လိုက်နာပါ။ ဥပမာအားဖြင့် သင့်အားကာကွယ်ရန်အတွက် mask ပေးထားလျှင် အမြဲဝတ်ပါ။ အလုပ်မှာ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ နောက်ထပ်ဘာလုပ်နိုင်သေးလဲဆိုတာကို ဆရာဝန်ကိုမေးပါ။ ဆေးလိပ်သောက်သူများအတွက် အလုပ်ခွင်ရှိ ကင်ဆာဖြစ်စေသော ပစ္စည်းများမှတစ်ဆင့် အဆုတ်ပျက်စီးနိုင်ချေ ပိုများပါတယ်။


  • သစ်သီးဝလံနှင့် သင်းသီးဟင်းရွက်များ ပြည့်ဝသော အစားအစာကို စားပါ -    အစားအစာများမှ ရရှိတဲ့ ဗီတာမင်နှင့် အာဟာရဓာတ်တွေက အကောင်းဆုံးဖြစ်ပါတယ်။ ဗီတာမင်များစွာပါသောဆေးတွေက ဘေးဥပဒ်ဖြစ်စေနိုင်သောကြောင့် ရှောင်ကြဉ်ရပါမယ်။  ဥပမာအားဖြင့် ဆေးလိပ်သောက်သူများတွင် အဆုတ်ကင်ဆာဖြစ်နိုင်ချေကို လျှော့ချရန် သုတေသီများက beta carotene ဖြည့်စွက်စာများ ပေးခဲ့ကြပါတယ်။  ရလဒ်များအရ ဖြည့်စွက်စာများက ဆေးလိပ်သောက်သူများတွင် ကင်ဆာဖြစ်နိုင်ခြေကို အမှန်တကယ်မြင့်တက်စေကြောင်း တွေ့ရှိခဲ့ရပါတယ်။


  • တစ်ပတ်လျှင် ရက်အများစုမှာ လေ့ကျင့်ခန်းလုပ်ပါ -  လေ့ကျင့်ခန်းပုံမှန်လုပ်စမရှိလျှင် ဖြည်းဖြည်းချင်းစလုပ်ပါ။  တစ်ပတ်လျှင် ရက်အများစုမှာ လေ့ကျင့်ခန်းလုပ်နိုင်ရန် ကြိုးစားကြည့်ပါ။



Source: https://www.mayoclinic.org/diseases-conditions/lung-cancer/symptoms-causes/syc-20374620