Photo Source: www.indiatvnews.com


COVID-19 ရောဂါဟာ ကျွန်ုပ်တို့ရဲ့ လူနေမှုဘဝနှင့် အသက်ရှူပုံကို ပြောင်းလဲစေခဲ့တာ အမှန်ပဲ ဖြစ်ပါတယ်။ ကာကွယ်ဆေးများကြောင့် မျှော်လင့်ချက်များရှိလာပေမယ့် ဗိုင်းရပ်စ်မျိုးကွဲအသစ်များ ပေါ်ပေါက်လာခြင်းကလည်း အမြဲတစေ စိုးရိမ်စရာတစ်ခုဖြစ်နေပါတယ်။ ဒါကြောင့် ချက်ချင်းဆေးကုသမှုလိုအပ်မည့် အရေးကြီးသော COVID-19 ရောဂါလက္ခဏာများကို သတိထားစောင့်ကြည့်ရန် အလွန်အရေးကြီးပါတယ်။


COVID-19 ရဲ့ ယေဘုယျရောဂါလက္ခဏာများကို အလွယ်တကူသိနိုင်ပေမယ့် မည်သည့်လက္ခဏာမှမပြခင်မှာ အောက်ဆီဂျင်အဆင့်တွေ ကျဆင်းသွားတယ်လို့ သတင်းတွေအရ သိထားကြပါတယ်။ Oximeter များကတော့ သင့်ရဲ့ သွေးတွင်းအောက်ဆီဂျင်ပမာဏကို ခြေရာခံရန်နှင့် COVID-19 ၏ အပြင်းထန်ဆုံးသော အကျိုးဆက်များအနက်မှ “ silent pneumonia” ကို စစ်ဆေးရန်အတွက် ကူညီပေးနိုင်တဲ့ ကိရိယာများဖြစ်ပါတယ်။


ယခုဆောင်းပါးတွင် သွေးတွင်းအောက်စီဂျင်ပမာဏရဲ့အရေးကြီးပုံနှင့်  oximeter အကြောင်း သင်သိရန် လိုအပ်သော အခြားအရေးကြီးအချက်များကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။



ပုံမှန်ရှိသင့်‌သော သွေးတွင်းအောက်ဆီဂျင်ပမာဏ

သွေးတွင်းအောက်ဆီဂျင်ပမာဏဆိုတာ သင့်သွေးထဲမှာ သယ်ဆောင်ထားတဲ့ အောက်ဆီဂျင်ပမာဏပဲ ဖြစ်ပါတယ်။ ဒီပမာဏက သင့်ခန္ဓာကိုယ်ကနေ အောက်ဆီဂျင်ကို ဘယ်လောက်ကောင်းကောင်း ဖြန့်ဖြူးပေးနိုင်လဲဆိုတာကို ညွှန်ပြနေပြီး သင့်ရဲ့အထွေထွေကျန်းမာရေးကိုလည်း ဖော်ပြပေးနိုင်ပါတယ်။


ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့ သတ်မှတ်ချက်အရ အောက်ဆီဂျင်ပမာဏ 95-100% ဟာ ပုံမှန်ဖြစ်ပါတယ်။ 94% အောက် လျော့ကျသွားပြီဆိုလျင်တော့ ဆရာဝန်နှင့် ပြသင့်ပြီး 90%အောက် လျော့နည်းသွားတဲ့အခါ အရေးပေါ်အခြေအနေလို့ သတ်မှတ်ပြီး ချက်ချင်း ဆေးကုသမှု ခံယူရပါမယ်။


COVID-19 ကူးစက်ခံရတဲ့အခါ သင့်ရဲ့အဆုတ်ဟာ ပထမဆုံး အထိခိုက်ခံရတဲ့ အဓိကအင်္ဂါများထဲမှ တစ်ခုဖြစ်ပါတယ်။ အဆုတ်ပျက်စီးသွားတဲ့အခါ ယေဘုယျအားဖြင့် ကောင်းမွန်စွာခံစားနေရလျှင် သို့မဟုတ် ဗိုင်းရပ်စ်ရဲ့ အခြားလက္ခဏာများမပြလျှင်ပင် သွေးတွင်းအောက်ဆီဂျင်ပမာဏဟာ အန္တရာယ်ရှိတဲ့ အဆင့်အထိ နိမ့်ကျသွားနိုင်ပါတယ်။ ၎င်းကို “ silent pneumonia” လို့ လူသိများပြီး မကုသဘဲထားလျှင် အလွန်ဆိုးရွားသော အကျိုးဆက်များကို ခံစားရစေနိုင်ပါတယ်။



Hypoxemia နှင့် Hypoxia


Hypoxemia ဆိုတာ သွေးတွင်းအောက်ဆီဂျင်ပမာဏ နည်းပါးနေခြင်းကို ဆိုလိုပါတယ်။ အောက်ဆီဂျင်လိုအပ်တဲ့ ဆဲလ်တွေဆီကို အောက်ဆီဂျင် လုံလောက်စွာ ရောက်မသွားတဲ့အခါ  hypoxemia မှတစ်ဆင့် hypoxia (တစ်သျှူးများတွင် အောက်ဆီဂျင်ပမာဏ နည်းပါးခြင်း) ကို ဖြစ်စေပါတယ်။


ပင်ပန်းနွမ်းနယ်ခြင်း (သို့) အသက်ရှူကြပ်ခြင်း၊ မျက်နှာနှင့် နှုတ်ခမ်းများ ပြာနှမ်းလာခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ ရင်ဘတ်အောင့်ခြင်းနှင့် သွေးခုန်နှုန်းမြန်ခြင်းတို့ဟာ သင့်ခန္ဓာကိုယ်၌ အောက်ဆီဂျင်ပမာဏ နည်းပါးကြောင်း ပြနေတဲ့ လက္ခဏာအချို့ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့လူ‌တွေမှာတော့ ဘာလက္ခဏာမှ မပြတာမျိုးလည်း ရှိတတ်ပါတယ်။


သွေးတွင်းအောက်ဆီဂျင်ပမာဏ နည်းပါးကြောင်း လက္ခဏာမရှိသော လူတစ်ဦးအား pulse oximetry test ပြုလုပ်သောအခါ ပုံမှန်ထက်နိမ့်သော oximetry အဖြေထွက်လာပါက silent hypoxia ခံစားနေရတာဖြစ်ပါတယ်။ ဤဖြစ်ရပ်ကို COVID-19 ကူးစက်ခံထားရသူ အများအပြားတွင် မကြာသေးမီက တွေ့ရှိခဲ့ရပါတယ်။  စောစောစီးစီးမသိရှိပါက Hypoxia ဟာ  သင့်ရဲ့ဓိကကိုယ်အင်္ဂါများကို ဆိုးရွားစွာထိခိုက်စေပြီး ရောဂါပိုမိုဆိုးရွားစေနိုင်ပါတယ်။


COVID-19 အပြင် ပန်းနာရင်ကျပ်၊ နှလုံးရောဂါနှင့် နာတာရှည်အသက်ရှူလမ်းကြောင်းပိတ်ရောဂါ (COPD) တို့ကလည်း သွေးတွင်းအောက်ဆီဂျင်ပမာဏကို ထိခိုက်စေနိုင်တဲ့ အခြားအခြေအနေများ ဖြစ်ကြပါတယ်။



Oximeterဆိုတာ ဘာလဲ။

Oximeter ဆိုတာ သင့်သွေးမှ အလင်းအား ဘယ်လောက်စုပ်ယူနိုင်တယ်ကို ကြည့်ခြင်းဖြင့် သွေးတွင်းအောက်ဆီဂျင်ပမာဏကို စစ်ဆေးရန်သုံးနိုင်သော အလွယ်တကူသယ်ဆောင်နိုင်တဲ့ ကိရိယာတစ်ခုဖြစ်ပါတယ်။  ဒီကိရိယာက လက်ချောင်းထိပ်မှာ မီး ၂ လုံး (အနီရောင်မီးနှင့် အနီအောက်ရောင်ခြည်) ထွန်းလင်းခြင်းဖြင့် အလုပ်လုပ်ပါတယ်။ ဤအလင်းများကို စုပ်ယူခြင်းဖြင့် အောက်ဆီဂျင်ပြည့်နေသောသွေးနှင့် အောက်ဆီဂျင်မရှိသောသွေးတို့အကြား သိသိသာသာ ခွဲခြားနိုင်ပါတယ်။

 

အောက်ဆီဂျင်နှင့် ပြည့်နေသောသွေးသည် အနီအောက်ရောင်ခြည်အလင်းကို ပိုမိုစုပ်ယူနိုင်ပြီး အနီရောင်အလင်းကိုတော့ ဖြတ်သွားစေပါတယ်။  အောက်ဆီဂျင် လုံလုံလောက်လောက်မရှိသော သွေးကတော့ အနီရောင်အလင်းကို ပိုမိုစုပ်ယူနိုင်ပြီး အနီအောက်ရောင်ခြည်အလင်းကို ဖြတ်သွားစေပါတယ်။ ဒီနည်းလမ်းဟာ ဆေးထိုးအပ်နှင့် ထိုးစရာမလိုဘဲ လျင်မြန်၊ ရိုးရှင်းတဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။


COVID-19 ကာလမှာ အိမ်တွင် oximeter သုံးခြင်းဖြင့် သင့်သွေးတွင်းအောက်ဆီဂျင်ပမာဏကို အလွယ်တကူ စစ်ဆေးနိုင်တာကြောင့် ချက်ချင်းဆေးကုသမှုခံယူရန် လိုအပ်သည့်အခါလည်း သိရှိနိုင်မှာဖြစ်ပါတယ်။



Oximeter ကို အိမ်တွင် အသုံးပြုနည်း

Oximeter ဟာ အသုံးပြုရလွယ်ကူတဲ့ ကိရိယာတစ်ခုဖြစ်ပြီး သင့်လက်ချောင်းရဲ့ထိပ်မှာ နေရာချနိုင်တဲ့ clip သေးသေးလေးတစ်ခု ပါ၀င်ပါတယ်။ အချို့ကိစ္စများတွင် ၎င်းကို ခြေချောင်း (သို့) မျက်ခွံပေါ်တွင်လည်း တင်တတ်ကြပါတယ်။  အကောင်းဆုံးရလဒ်ကို ရရှိရန်အတွက် oximeter ကို သင့်ညာလက်ရဲ့ လက်ခလယ်တွင်ထားရန် အကြံပြုကြပါတယ်။


Oximeter ကို အသုံးမပြုမီ သင့်လက်ကို နွေးနွေးထွေးထွေးနှင့် သက်တောင့်သက်သာရှိစေပြီး သင့်နှလုံးအောက်ရှိ ရင်ဘတ်ရှေ့တွင် ထားပါ။  စမ်းသပ်မှုပြုလုပ်နေစဉ် သွားလာလှုပ်ရှားခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။  သင်၏ရလဒ်များကို အနှောင့်အယှက်ဖြစ်စေနိုင်တာကြောင့် လက်သည်းဆိုးဆေးများကိုလည်း ဖယ်ရှားထားသင့်ပါတယ်။


Oximeter ကို သင့်လက်ချောင်းပေါ်တွင်ထားပြီး ရလဒ်ငြိမ်သွားအောင် စက္ကန့် ၁၀ မှ ၃၀ အထိ စောင့်ပါ။ အောက်ဆီဂျင်ပြည့်ဝမှု (SpO2) လို့ခေါ်တဲ့ သွေးတွင်းအောက်ဆီဂျင်ပမာဏကို ဖန်သားပြင်ပေါ်မှာ မြင်ရပါလိမ့်မယ်။


ဆရာဝန်နဲ့ပြဖို့လိုအပ်လာရင် ပြနိုင်ဖို့အတွက် အိမ်မှာ oximeter သုံးတဲ့အခါ အောက်ဆီဂျင်ပမာဏကို မှတ်တမ်းတင်ထားသင့်ပါတယ်။ ဒီမှတ်တမ်းတွေက သင့်ရဲ့အပြောင်းအလဲတွေကို အလွယ်တကူခြေရာခံနိုင်ပြီး ပုံမှန်မဟုတ်တဲ့ အချက်များကို မီးမောင်းထိုးပြပေးပါလိမ့်မယ်။  Oximeter ဖတ်ခြင်းအပြင် အောက်စီဂျင်ပမာဏနိမ့်ခြင်းရဲ့ လက္ခဏာများကို စောင့်ကြည့်ထားဖို့လည်း အရေးကြီးပါတယ်။


Oximeterများရဲ့ တိကျမှု

Oximeter တွေဟာ အမြဲတမ်းတိကျမှုမရှိနိုင်သော်လည်း မတိကျမှုအဆင့်ဟာ အလွန်သေးငယ်ပါတယ်။  သွေးလည်ပတ်မှုမကောင်းခြင်း၊ အရေပြားထူခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် လက်သည်းအရောင်ဆိုးခြင်း စသည့်အချက်များစွာတို့ကလည်း တိကျမှုကို ထိခိုက်စေနိုင်ပါတယ်။



Oximeterများကို ကလေးငယ်များအတွက် အသုံးပြုနိုင်ရဲ့လား။

Photo Source: https://mymedicine.com.mm


ကလေးများကို oximeter နှင့် စမ်းသပ်ရန်စဉ်းစားတဲ့အခါ စိုးရိမ်ကောင်းစိုးရိမ်နိုင်ပေမယ့် တကယ်တော့ oximeter ဟာ ကလေးငယ်များအတွက် အသုံးပြုရန် ဘေးကင်းပါတယ်။ Oximeter ဟာ အပ်နှင့် အသားကိုဖောက်စရာမလိုတာကြောင့် နာကျင်မှုလုံးဝမရှိတဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါနယ်။  ဓာတ်ရောင်ခြည်လည်း လုံးဝမပါဝင်ပါဘူး။


Oximeter တွေဟာ မွေးကင်းစကလေးငယ်များ အထူးသဖြင့် မွေးရာပါနှလုံးချို့ယွင်းခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ မူမမှန်မှုများကဲ့သို့ ကျန်းမာရေးအခြေအနေများရှိသူများအတွက် အောက်ဆီဂျင်လိုအပ်ချက်ကို ဆုံးဖြတ်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ ကိရိယာတစ်ခုဖြစ်ပါတယ်။  သို့ရာတွင် အရွယ်ရောက်သူများအတွက် oximeter ကိုတော့ ကလေးငယ်များအတွက် သုံးရန် မသင့်တော်ပေ။ 


ကလေးများအတွက် များသောအားဖြင့် pediatric pulse oximeter ကို အသုံးပြုကြပါတယ်။ ၎င်းတို့ဟာ လူကြီးများအတွက် oximeter များကဲ့သို့ တူညီစွာလုပ်ဆောင်သော်လည်း သေးငယ်သည့် လက်ချောင်းများနှင့် အံဝင်ခွင်ကျဖြစ်အောင် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။  


မွေးကင်းစကလေးများနှင့် ကလေးငယ်များရဲ့ လက်ဖဝါး သို့မဟုတ် ခြေဖဝါးပေါ်၌ သတ္တုချောင်းငယ်များကို တင်ထားပြီး paediatric oximeter များကို အသုံးပြုရပါတယ်။ ကလေးငယ်များရဲ့ အောက်ဆီဂျင်ပမာဏနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိပါက ကလေးအထူးကုနှင့် အမြဲတိုင်ပင်သင့်ပါတယ်။  ကျန်းမာသန်စွမ်းသောကလေးများအတွက် oximeter ရလဒ်ဟာ 95-100% ကြားမှာ အမြဲပုံမှန်ရှိနေရပါမယ်။



Oximeter အစား smartwatch များကို သုံးပြီး oxygen တိုင်းနိုင်မှာလား။

Smartwatch များစွာတွင် သွေးတွင်းအောက်ဆီဂျင်ပမာဏကို တိုင်းတာရန် တည်ဆောက်ထားသော်လည်း ရလဒ်တွေက အမြဲမတိကျတတ်ပါဘူး။ Smartwatch တွေကို ဆေးဘက်ဆိုင်ရာအသုံးပြုရန်အတွက် ဒီဇိုင်းထုတ်ထားခြင်း သို့မဟုတ် စမ်းသပ်ထားခြင်းမရှိသောကြောင့် သွေးတွင်းအောက်ဆီဂျင်ပမာဏကို ဆေးဘက်ဆိုင်ရာ တိကျမှန်ကန်မှုရအောင် မစစ်ဆေးနိုင်ပါ။ 


Smartwatch ကို သင်ဝတ်ဆင်ပုံနှင့် အနေအထားတို့ကလည်း ရလဒ်အပေါ် ပြောင်းလဲစေနိုင်ပါတယ်။ Pulse oximetry တွင် transmission mode ကို သုံးပါတယ် - oximeter ကို သင့်လက်ချောင်းပေါ်ညှပ်ထားပြီး သွေးစီးဆင်းမှုက မျက်နှာပြင်နှင့် နီးကပ်နေပါတယ်။ Oximeter ရဲ့ တစ်ဘက်မှ ထုတ်လွှတ်သောအလင်းဟာ အခြားတစ်ဖက်မှ အာရုံခံကိရိယာဆီသို့ ရောက်သွားပါတယ်။

 

သို့သော် smartwatch များတွင် reflectance approach ကို အသုံးပြုပါတယ် - အလင်းအရင်းအမြစ်နှင့် အာရုံခံကိရိယာ နှစ်ခုလုံးဟာ သင့်လက်ကောက်ဝတ်ရဲ့ တစ်ဖက်တည်းမှာ ရှိနေတာကြောင့် ပြန်ခုန်လာသောအလင်းကို မှီခိုနေပါတယ်။  လက်ကောက်ဝတ်ရှိ သွေးကြောများကလည်း ရလဒ်ကို ရှုပ်ထွေးစေနိုင်ပါတယ်။



ဆေးရုံသွားသင့်သည့်အချိန်

COVID-19 ကို အလယ်အလတ် သို့မဟုတ် ပြင်းထန်စွာ ခံစားနေရမှုကြောင့်ဖြစ်သော အဆုတ်ရောင်ရောဂါလူနာများတွင် အောက်ဆီဂျင်ပမာဏနိမ့်ကျနိုင်ချေ မြင့်မားပါတယ်။ အသက်အရွယ်ကြီးရင့်ခြင်း၊ ဆီးချိုရောဂါ၊ နှလုံးရောဂါနှင့် အဝလွန်ခြင်း စတဲ့ ရောဂါအခံများကလည်း အခြားအန္တရာယ်ရှိတဲ့ အချက်တွေဖြစ်ပါတယ်။


အကယ်၍ သင်က COVID-19 ရောဂါလက္ခဏာတွေကို အိမ်မှာပဲ ကုသနေရတယ်ဆိုရင် သွေးထဲမှာ အောက်ဆီဂျင်ပမာဏ 95% အောက်ကျနေလျှင် သို့မဟုတ် အောက်ဆီဂျင်နည်းကြောင်းပြနေတဲ့ လက္ခဏာတွေကို သတိပြုမိလျှင် ဆရာဝန်နှင့် ချက်ချင်းတိုင်ပင်ပါ။


 

Source: https://www.mountelizabeth.com.sg/healthplus/article/oximeter