မိခင်နို့ဟာ ကလေးငယ်များအတွက် အကောင်းဆုံး အာဟာရအရင်းအမြစ်ဖြစ်ပြီး ရောဂါများမှလည်း အကာအကွယ်ပေးပါတယ်။ သို့သော်လည်း မိခင်များအနေဖြင့် coronavirus ကို မိခင်နို့မှတဆင့် ကူးစက်နိုင်ခြင်းရှိ၊မရှိနှင့် ရင်သွေးငယ်များကို ဘယ်လိုကာကွယ်ပေးရမလဲဆိုတာကို စိုးရိမ်နေတတ်ကြပါတယ်။


ဒါကြောင့် COVID-19 အကျပ်အတည်းကာလအတွင်း မိခင်များနှင့် ကလေးငယ်များအား ဘေးကင်းလုံခြုံ‌စေရန် အကြံပြုချက်များကို အောက်တွင် ဖော်ပြပေးထားပါတယ်။



1. တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဂရုစိုက်၍ နို့တိုက်ကျွေးပါ။


ယခုအချိန်ထိ ဗိုင်းရပ်စ်ကို မိခင်နို့ထဲမှာ မတွေ့ရသေးတဲ့အတွက် မိခင်အားလုံးအား နို့တိုက်စဉ်မှာ တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဂရုစိုက်ပြီးမှ ဆက်လက်နို့တိုက်ကျွေးရန် အကြံပြုကြပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းမှုလို့ပြောရမှာ 3Ws လို့ခေါ်တဲ့ အောက်ပါအချက် (၃) ချက် ပါဝင်ပါတယ်။

  • Wear - နို့တိုက်စဉ်မှာ mask ဝတ်ဆင်ပါ။

  • Wash - ရင်သွေးကို မထိတွေ့ခင်နှင့် ထိတွေ့ပြီးတိုင်း လက်ဆေးပါ။

  • Wipe - မျက်နှာပြင်များကို ပုံမှန်သုတ်ပြီး ပိုးသတ်ပါ။


ကလေးငယ်အတွက် အဓိကအန္တရာယ်က ဗိုင်းရပ်စ်ကို မိခင် သို့မဟုတ် အခြားပိုးရှိတဲ့ မိသားစုဝင်များနှင့် ထိ‌တွေ့ရာမှ ကူးစက်ခြင်းဖြစ်ပါတယ်။ ဒါကြောင့် သင့်အိမ်မှာ တစ်ယောက်ယောက် နေမကောင်းဖြစ်နေပါက 3Ws နည်းကို ဂရုတစိုက်ကျင့်သုံးခြင်းဖြင့် သင့်ရင်သွေးငယ်အား ကာကွယ်ပါ။


မိခင်အချို့ကတော့ ကလေးငယ်အား အပြည့်အဝ ကာကွယ်နိုင်ရန်အတွက် နို့တိုက်ချိန်တိုင်း mask တပ်တာကို ပုံမှန်အလေ့အထအဖြစ် ကျင့်သုံးနေကြပါတယ်။ အကယ်၍ မိခင်မှာ coronavirus ရှိနေတယ်လို့ သံသယရှိရင်တော့ မိခင်နို့ရည်ကို သန့်ရှင်းတဲ့ ဇွန်း၊ ခွက်များသုံး၍ တိုက်ကျွေးဖို့ အကြံပြုလိုပါတယ်။



2. နေမကောင်းဖြစ်ခဲ့လျှင် တစ်ကိုယ်ရည်သန့်ရှင်းမှုကို ပို၍ဂရုစိုက်ကာ မိခင်နို့ပဲ ဆက်လက်တိုက်ကျွေးပါ။ 


မမွေးဖွားခင်နှင့် မိခင်နို့စတိုက်ချိန်၊ တိုက်နေချိန်များမှာ coronavirus အကူးခံရတဲ့ မိခင်များရဲ့ နို့ရည်မှာ ရင်သွေးငယ်ကို ကာကွယ်ဖို့နှင့် ရင်သွေးလေးရဲ့ ကိုယ်ခံအားတိုးတက်စေဖို့အတွက် immune factors (antibodies) များကို ထုတ်လွှတ်ပေးပါလိမ့်မယ်။ ဒါကြောင့် မိခင်နို့ရည်ကို ဆက်လက်တိုက်ကျွေးပေးတာက ဗိုင်းရပ်စ်ကို တိုက်ခိုက်ပြီး ကလေးငယ်ကို ကာကွယ်ဖို့အတွက် အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။


အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူရခက်ခြင်းတို့လို ရောဂါလက္ခဏာများနှင့်အတူ ဖျားနာနေလျှင်တော့ မိခင်ဟာ ဆေးကုသမှုကို စောစောခံယူသင့်ပြီး ကျန်းမာရေးစောင့်ရှောက်သူထံမှ ညွှန်ကြားချက်များကို လိုက်နာရပါမယ်။


မိခင်နို့တိုက်ကျွေးနိုင်လောက်တဲ့ မိခင်များကတော့ ကလေးအနားရောက်တိုင်း mask တပ်ခြင်း အပါအဝင် တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် 3Ws နည်းလမ်းကို လိုက်နာခြင်းဖြင့် မိခင်နို့ဆက်လက်တိုက်ကျွေးသင့်ပါတယ်။



3. မိခင်နို့မတိုက်ကျွေးနိုင်သည့်အထိ ဖျားနာနေတဲ့အခါ ဇွန်း၊ ခွက်များကို အသုံးပြု၍ တိုက်ကျွေးပါ။ 


မိခင်များဟာ မိခင်နို့မတိုက်ကျွေးနိုင်လောက်အောင် ဖျားနာနေတဲ့အခါ ကျန်းမာရေးစောင့်ရှောက်မှုကို ချက်ချင်းခံယူသင့်ပါတယ်။ မိခင်နို့ကို ထုတ်ယူပြီး သန့်ရှင်းတဲ့ ဇွန်း၊ ခွက်များကို အသုံးပြု၍ ပိုးမရှိတဲ့ မိသားစုဝင်မှတစ်ဆင့် ကလေးငယ်အား မိခင်နို့တိုက်ကျွေးလို့လည်း ရပါတယ်။ ရင်သွေးငယ်လေး ဘေးကင်းကျန်းမာဖို့အတွက် 3Ws နည်းလမ်းကို အချိန်တိုင်းလိုက်နာဖို့က ပိုပြီးအရေးကြီးလာပါတယ်။



4. နို့မှုန့်များဖျော်၍ တိုက်ကျွေးတဲ့အခါ အထူးဂရုပြုပါ။


မိခင်နို့တိုက်ကျွေးခြင်းက ကလေးငယ်များရဲ့ ကျန်းမာတဲ့ ဖွံ့ဖြိုးကြီးထွားမှုအတွက် အကောင်းဆုံး အစားအစာဖြစ်ပါတယ်။ သို့သော်လည်း တစ်ခါတစ်ရံမှာ မိခင်က မိခင်နို့မတိုက်နိုင်တာမျိုးနှင့် မတိုက်ဖို့ ဆုံးဖြတ်လိုက်တဲ့ အခါမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒါ့အပြင် ဖော်မြူလာနို့မှုန့်တွေကို ကျယ်ကျယ်ပြန့်ပြန့် ရောင်းချခြင်းများကလည်း မိခင်အတော်များများရဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုကို အားနည်းစေပြီး ကလေးငယ်များအား ဖော်မြုလာနို့မှုန့်များသာတိုက်ဖို့ အားပေးလာကြပါတယ်။


ဒီလိုအခါမျိုးမှာတော့ ရင်သွေးငယ်အား နို့မှုန့်ဗူးမှာပါတဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာတိုက်ကျွေးဖို့နှင့် နို့မှုန့်တိုက်ကျွေးရန် အသုံးပြုတဲ့ ခွက်၊ကိရိယာများအားလုံးကို သေချာဆေးကြောဖို့ အထူးဂရုပြုရပါမယ်။ 3Ws နည်းလမ်းကိုတော့ အချိန်မရွေး လိုက်နာရမှာ ဖြစ်ပါတယ်။


Source: https://www.unicef.org/eap/breastfeeding-during-covid-19