COVID-19 ဟာ SARS-CoV-2 virus ကြောင့် ဖြစ်ပွားတဲ့ ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ COVID- 19 ရဲ့ ရောဂါလက္ခဏာများ၊ ရောဂါကူးစက်ပုံနှင့် တားဆီးနိုင်မယ့် နည်းလမ်းတွေကို ကြိုတင်သိရှိထားတာက သင်နှင့် သင့်ပတ်ဝန်းကျင်ကို coronavirus ရန်ကနေ ကာကွယ်ပေးနိုင်ပါလိမ့်မယ်။
COVID-19 နှင့် ပတ်သက်ပြီး သတင်းမှားတွေ ပျံ့နှံ့နေတာကြောင့် မိမိရရှိထားတဲ့ အချက်အလက်တွေဟာ World Health Organization (WHO) နှင့် ကျန်းမာရေးအစိုးရ အဖွဲ့အစည်းတို့လို့ ယုံကြည်စိတ်ချရတဲ့ ရင်းမြစ်တွေက လာကြောင်းကို အမြဲစစ်ဆေးဖို့ အရေးကြီးပါတယ်။
ယခုဆောင်းပါးမှာတော့ coronavirus (COVID-19) နဲ့ပတ်သက်ပြီး လူသိများကြတဲ့ မှားယွင်းတဲ့ အချက်အလက်တွေအကြောင်းကို ဖော်ပြသွားမှာဖြစ်ပါတယ်။
COVID- 19 ကူးစက်ခံရတဲ့ လူအများစုက အပြင်းအထန် ဖျားနာနိုင် (သို့) အသက်ဆုံးရှုံးနိုင်သလား?
အဖြေမှန် - အသက်အရွယ် ရောဂါအခံတွေပေါ်မူတည်ပြီး ရောဂါပြင်းထန်မှုကွာခြားနိုင်ပါတယ်။ COVID- 19 ကူးစက်ခံရတဲ့ လူနာအများစုဟာ အနည်းငယ်ဖျားနာတတ်ကြပြီး ဆေးရုံမှာ ကုသမှုခံယူရန် မလိုအပ်ဘဲ အိမ်မှာပဲ သက်သာနိုင်ပါတယ်။ သင့်မှာ COVID- 19 ရောဂါလက္ခဏာတွေ ခံစားနေရပါက အိမ်မှာပဲနေပြီး သက်ဆိုင်ရာ ဒေသခံ ကျန်းမာရေးတာဝန်ရှိသူများထံမှ အကြံဉာဏ်တောင်းခံပါ။ အကယ်၍ သင့်မှာ အသက်ရှူရ ခက်နေခြင်း၊ ရင်ဘတ်အောင့်ခြင်းနှင့် စကားမပြောနိုင်ဘဲ မလှုပ်မရှားနိုင်ဖြစ်နေရင်တော့ သင့်ရဲ့ ကျန်းမာရေးစောင့်ရှောက်သူများကို ချက်ချင်းဆက်သွယ်ပါ။
လူတစ်ယောက်မှာ COVID- 19 ရှိနေကြောင်းကို ကြည့်ရုံနှင့် တန်းပြောနိုင်ပါသလား?
အဖြေမှန်ကတော့ မပြောနိုင်ပါဘူး။ COVID- 19 ဖြစ်စေတဲ့ ဗိုင်းရပ်စ်ဟာ လူ့ခန္ဓာကိုယ်ထဲမှာ 14 ရက်အထိ လက္ခဏာမပြဘဲ နေနိုင်ပြီး အချို့ရောဂါသိပ်မပြင်းတဲ့ လူတွေမှာတော့ ရောဂါလက္ခဏာ လုံးဝမပြတာမျိုးတောင် ရှိတတ်ပါတယ်။
ရောဂါလက္ခဏာမပြခဲ့ဘူးဆိုရင်တောင် အခြားသူတွေကို ရောဂါကူးစက်စေနိုင်တာကြောင့် social distancing၊ face mask တပ်ခြင်းနှင့် လက်ပုံမှန်ဆေးခြင်းတို့လို ကြိုတင်ကာကွယ်ဖို့ ပေးထားတဲ့ အကြံဉာဏ်တွေကို လူတိုင်း လိုက်နာသင့်ပါတယ်။
ဘယ်သူတွေမှာ ရောဂါကူးစက်နိုင်ခြေ ပိုများသလဲ?
အဖြေမှန် - COVID- 19 ဟာ နေရာဒေသ၊ လူမျိုးနှင့် အသက်အရွယ်မရွေး တစ်ကမ္ဘာလုံးက လူတွေဆီကို ပျံ့နှံ့နေတာဖြစ်ပါတယ်။
COVID-19 က သက်ကြီးရွယ်အိုတွေကိုပဲ ကူးစက်တတ်တာကြောင့် လူငယ်တွေ စိတ်ပူစရာမလိုဘူးလား?
အဖြေမှန် - COVID- 19 က သက်ကြီးရွယ်အိုတွေအတွက် ပိုအန္တရာယ်ဖြစ်နိုင်ပေမယ့်လို့ လူငယ်တွေ အပါအဝင် လူတိုင်းမှာ အသည်းအထန် ဖြစ်နိုင်ပါတယ်။ အချို့လူတွေမှာ ပိုမိုပြင်းထန်တဲ့ ရောဂါလက္ခဏာတွေကို ဘာကြောင့်ခံစားရလဲဆိုတာ အခုထိ သေချာနားမလည်နိုင်သေးပေမယ့် အဝလွန်ခြင်း၊ ဆီးချိုရောဂါ၊ ကင်ဆာနှင့် သွေးတ်ိုးရောဂါတို့လို့ ရောဂါအခံတွေရှိနေပါက လူငယ်တွေမှာလည်း ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေကို ခံစားနိုင်ပါတယ်။
HIV ပိုးရှိတဲ့ သူတွေမှာ ရောဂါဒဏ်ကို ပိုခံစားရတတ်ပါသလား?
အဖြေမှန် - HIVပိုး ကူစက်ခံထားရတဲ့သူတွေအတွက် COVID-19 ရောဂါဒဏ်ကို ပိုခံစားနိုင်ချေများတယ်ဆိုတဲ့ အချက်ကို လေ့လာနေဆဲဖြစ်ပါတယ်။ လက်ရှိသက်သေအထောက်အထားများအရ HIV ပိုးရှိတဲ့သူတွေအပြင် အဝလွန်ခြင်း၊ဆီးချိုရောဂါ၊ ပန်းနာရင်ကျပ်၊ လေဖြတ်ခြင်း၊ dementia၊ နှလုံး သို့မဟုတ် အဆုတ်ပြဿနာရှိသူများနှင့် အသက်အရွယ်ကြီးရင့်သူများမှာပါ ရောဂါအပြင်းအထန် ခံစားရနိုင်ချေ ပိုများပါတယ်။
COVID- 19 ကာကွယ်ဆေးတွေက စိတ်ချရရဲ့လား?
အဖြေမှန် - စိတ်ချရပါတယ်။ လက်ရှိ အသုံးပြုနေတဲ့ COVID- 19 ကာကွယ်ဆေးတွေက ဘေးကင်းပြီး ထိရောက်ကြောင်း သေချာအောင်လို့ အသေးစိတ် စစ်ဆေးမှုများနှင့် အတည်ပြုခြင်း လုပ်ထုံးလုပ်နည်းများကို ဖြတ်ကျော်ခဲ့ပြီး ဖြစ်ပါတယ်။
COVID- 19 ကာကွယ်ဆေး စမ်းသပ်မှုအတော်များများမှာ HIV ပိုးရှိတဲ့သူတွေလဲ ပါဝင်ပါတယ်။ လက်ရှိရလဒ်များအရ ကာကွယ်ဆေးတွေက HIV ပိုး ကူစက်ထားတဲ့သူတွေအတွက်လည်း ဘေးကင်းကြောင်းတွေ့ရပါတယ်။
ကာကွယ်ဆေးအများစုထုံးစံအတိုင်း COVID- 19 ကာကွယ်ဆေးထိုးပြီးသူ အချို့ဟာ လက်မောင်းကိုက်ခဲခြင်း၊ အနည်းငယ် ဖျားနာခြင်းနှင့် နေထိုင်မကောင်းဖြစ်ခြင်းတို့လို လက္ခဏာအသေးစားများကိုတော့ ခံစားရနိုင်ပါတယ်။ လူအနည်းစုဟာ ကာကွယ်ဆေးထိုးပြီးနောက် ဓာတ်မတည့်မှုတွေ ခံစားရတတ်ပေမယ့် ဖြစ်နိုင်ချေဟာ အလွန်ရှားပါးပြီး ဘေးကင်းစွာ ဆောင်ရွက်နိုင်ပါတယ်။
ငှက်ဖျားရောဂါ တိုက်ဖျက်ဆေးတွေကရော COVID- 19 အတွက် ထိရောက်နိုင်ရဲ့လား?
အဖြေမှန် - လက်ရှိမှာတော့ ငှက်ဖျားရောဂါတိုက်ဖျက်ဆေးတွေက COVID- 19 ကို ကာကွယ်ကုသနိုင်ကြောင်း အထောက်အထား မတွေ့ရှိသေးပါဘူး။
COVID- 19 အတွက် ထိရောက်တဲ့ ကုသမှုကို ကြိုးစားရှာဖွေသည့် အဓိကစမ်းသပ်မှုများအား ၂၀၂၀ နွေရာသီမှာ ငှက်ဖျားရောဂါတိုက်ဖျက်ဆေး hydroxychloroquine ဟာ လူတွေ သေဆုံးခြင်းကို တားဆီးနိုင်ခြင်းနှင့် မြန်မြန် ပြန်လည်ကောင်းမွန်နိုင်ကြောင်း အထောက်အထား မတွေ့တဲ့အခါမှာ ရပ်တန့်လိုက်ပါတယ်။
COVID-19 အား ထိရောက်စွာ ကုသနိုင်ရန် အခြားစမ်းသပ်မှုများကိုလည်း လက်ရှိတွင် ပြုလုပ်လျက်ရှိပါတယ်။
COVID- 19 က ပူပြင်းတဲ့ ရာသီဥတုမှာရော ကူးစက်နိုင်သလား?
အဖြေမှန် - ဘယ်လောက်ပဲ နေသာပြီး ပူပြင်းနေပါစေ COVID- 19 ကူးစက်နိုင်တာကြောင့် ဘယ်လိုရာသီဥတုပဲ ဖြစ်နေပါစေ ဗိုင်းရပ်စ်မှ ကာကွယ်နိုင်ရန် ချမှတ်ထားတဲ့ စည်းမျဉ်းတွေကိို လိုက်နာသင့်ပါတယ်။
ရေနွေးသောက်ရင်ရော COVID- 19 မဖြစ်အောင် ကာကွယ်နိုင်မှာလား?
အဖြေမှန်: Coronavirus ကနေ ကာကွယ်ပေးနိုင်ပြီး ဖျားနာမှုတွေကို ပျောက်စေနိုင်တဲ့ အအေး သို့မဟုတ် အပူ သောက်စရာရယ်လို့ မရှိပါဘူး။ COVID- 19 ကူးစက်ခံရတဲ့ လူအများစုက သူတို့ဘာသာ ပြန်ကောင်းလာကြတာပါ။ Paracetamol နှင့် အရည်များများ သောက်ခြင်း၊ အလုံအလောက် အနားယူပေးခြင်းကလည်း ရောဂါလက္ခဏာတွေကို သက်သာစေဖို့ အထောက်အကူပြုပါတယ်။
COVID- 19 မှ ကာကွယ်ဖို့ ခန္ဓာကိုယ်နဲ့ လက်တွေကို အားပြင်းတဲ့ ပိုးသတ်ဆေးတွေသုံးပြီး သန့်ရှင်းပေးသင့်လား?
အဖြေမှန်: အားပြင်းတဲ့ ပိုးသတ်ဆေးတွေကို ခန္ဓာကိုယ်ပေါ် တင်တာဟာ အန္တရာယ်ဖြစ်စေတာကြောင့် မသုံးသင့််ပါဘူး။ ဆပ်ပြာနဲ့ ရေကို အသုံးပြုပြီး လက်တွေကို နှံ့နှံ့စပ်စပ်ဆေးကြောခြင်း သို့မဟုတ် အရက်ပြန်ပါတဲ့ sanitizer သုံးပေးရုံဖြင့် ဗိုင်းရပ်စ်ပိုးကူးစက်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
အရက်သောက်ခြင်းက COVID- 19 ကို ကာကွယ်ကုသနိုင်ပါသလား?
အဖြေမှန်: အရက်သောက်ခြင်းက COVID- 19 ကို ကာကွယ်ကုသမပေးနိုင်တဲ့အပြင် ကိုယ်ခံအားစနစ်ကိုပါ ကျဆင်းစေပါတယ်။ ဒါကြောင့် အရွယ်ရောက်သူများအနေဖြင့် ကျန်းမာစွာ နေထိုင်နိုင်ရန် နေ့စဉ်သောက်သုံးတဲ့ ကန့်သတ်ပေးဖို့ အကြံပြုလိုပါတယ်။
အချို့သော သန့်ရှင်းရေးပစ္စည်းများနှင့် လက်သန့်ဆေးရည်များမှာ တွေ့နိုင်တဲ့ အားပြင်းသည့် ethanol ကထု သောက်သုံးတာကလည်း အလွန်အန္တရာယ်ရှိတာကြောင့် လုံးဝမသောက်သုံးသင့်ပါဘူး။ ၄င်းတို့က COVID- 19 ကနေ မကာကွယ်ပေးနိုင်တဲ့အပြင် မသန်စွမ်းမှုနှင့် အသက်ဆုံးရှုံးများကို ဖြစ်စေနိုင်ပါတယ်။
Source: https://www.avert.org/coronavirus/covid-19-myths-and-facts