COVID-19 ကာလဟာ အရမ်းကို စိတ်ဖိစီးရတဲ့ အချိန်တစ်ခုဖြစ်ပါတယ်။ ကျွန်ုပ်၏တို့ရဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေကို ကိုဗစ်ကြောင့် ဆုံးရှုံးနေရတဲ့အပြင် ဘာတွေဖြစ်လာဦးမလဲဆိုတဲ့ စိုးရိမ်ကြောင့်ကြမှုတွေနှင့် ရင်ဆိုင်နေရတဲ့ ကာလတစ်ခုလည်းဖြစ်ပါတယ်။
ဗိုင်းရပ်စ်ကူစက်ခံရမည်ကို စိုးရိမ်နေရသည့်အပြင် ကိုဗစ်ကြောင့် စီးပွားရေးမတည်ငြိမ်မှုများကိုလည်း ခံစားနေရပါတယ်။ အလုပ်လက်မဲ့ဖြစ်မှာ စိုးရိမ်မှုများ၊ အသေးစားစီးပွားရေးလုပ်ငန်းများအတွက် အလုပ်အကိုင်အခွင့်အလမ်းများနှင့် ၀င်ငွေဆုံးရှုံးမှုများက စိတ်ဖိစီးမှုများကို မြင့်တက်စေပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများကို နေ့စဉ်ပုံမှန်ခံစားနေရပါတယ်။
ဒါကြောင့် ယခုဆောင်းပါးမှာ သင့်ရဲ့ စိတ်ခံစားမှုများနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အထောက်အကူပြုပေးနိုင်တဲ့ နည်းလမ်းများကို ဖော်ပြပေးထားပါတယ်။
1. ဆေးဝါးများကို စနစ်တကျကိုင်တွယ်ပါ။
သင့်ရဲ့ စိတ်ကျန်းမာရေးအတွက် ညွှန်းကြားထားတဲ့ ဆေးများကို သောက်နေရတယ်ဆိုလျှင် မရပ်လိုက်ဘဲ ဆက်သောက်ပါ။ အကယ်၍ အလုပ်အကိုင်ဆုံးရှုံးမှု၊ အာမခံဆုံးရှုံးမှုနှင့် အခြားပြဿနာများကြောင့် ဆေးဝယ်ဖို့ မတတ်နိုင်ခဲ့လျှင် အကူအညီတောင်းခံနိိုင်တဲ့ နေရာများ ရှိပါတယ်။
2. အချိန်ဇယားတစ်ခု တည်ဆောက်ပါ။
အချိန်ဇယားတစ်ခုဆွဲပြီး နေ့တိုင်းလိုက်နာနိုင်အောင် ကြိုးစားပါ။ ပုံမှန်လုပ်ရိုးလုပ်စဉ်လုပ်ငန်းများအတိုင်း လိုက်နာခြင်းက သင့်ခန္ဓာကိုယ်နှင့် စိတ်ကျန်းမာရေးကို ထိန်းသိမ်းရာမှာ အရေးကြီးတဲ့ အချက်တစ်ခုဖြစ်ပါတယ်။
3. ကျန်းမာအောင် စားသောက်ပါ။
အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များလို လတ်ဆတ်ကျန်းမာတဲ့ အစားအသောက်များက သင့်ခန္ဓာကိုယ်နှင့် စိတ်ကျန်းမာရေးကို ထိန်းသိမ်းရာမှာ အထောက်အကူပြုပေးပါတယ်။ အသုံးမဝင်တဲ့ ကယ်လိုရီတွေသာပေးတဲ့ အဆီနှင့် သကြားဓာတ်ပါဝင်မှု မြင့်မားတဲ့ အစာများကို ရှောင်ကြဉ်ပါ။
4. လေ့ကျင့်ခန်းလုပ်ပါ။
လတ်ဆတ်တဲ့လေကို ရှူရှိုက်ရင်း လေ့ကျင့်ခန်းလုပ်ပါ။ ယခုကာလမှာ gym သွားလို့ မဖြစ်နိုင်ပေမယ့် စိတ်ဓာတ်မြှင့်တင်ပေးနိုင်တဲ့ လေ့ကျင့်ခန်းများသင်ကြားပေးတဲ့ online class များစွာရှိပါတယ်။
ယောဂကျင့်ခြင်းကလည်း ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်ဆိုင်ရာကျန်းမာရေးအတွက်ပါ အထောက်အကူပြုပေးနိုင်သလို အပြင်ထွက်ပြီး လမ်းလျှောက်တာမျိုးလည်း လုပ်လို့ရပါတယ်။ အပြင်ထွက်တဲ့အခါများတဲ့ social distance စည်းမျဉ်းကို လိုက်နာပြီး maskတပ်သွားဖို့ သတိပြုပါ။
5. စိတ်ဓာတ်မြှင့်တင်ပေးနိုင်မယ့် playlist တစ်ခု လုပ်ထားပါ။
သင့်အကြိုက်ဆုံး သီချင်းများဖြင့် playlist တစ်ခု တည်ဆောက်ထားခြင်းက စိတ်ခံစားမှုများကို မြှင့်တင်ပေးနိုင်ပြီး စိုးရိမ်ကြောင့်ကြမှုများကိုလည်း ပြေလျော့စေပါတယ်။
6. အဆက်အသွယ် မပြတ်ပါစေနှင့်။
မိသားစု၊ သူငယ်ချင်းမိတ်ဆွေများနှင့် ဆက်သွယ်လို့ရမယ့် နည်းလမ်းအသစ်များကို ရှာဖွေပါ။ ကိုဗစ်ကာလမှာ အစိုးရိမ်ရဆုံးက အိမ်ထဲမှာပဲ နေရတာကြောင့် အထီးကျန်နေပြီး အပြင်လောကနှင့် အဆက်အသွယ်ပြတ်နေခြင်းပဲ ဖြစ်ပါတယ်။ ဖုန်းခေါ်၍ဖြစ်စေ၊ social media မှတစ်ဆင့်ဖြစ်စေ မိတ်ဆွေများနှင့် ဆက်သွယ်ခြင်းက အထီးကျန်မှုကို သက်သာစေမှာပါ။
7. စိတ်ဝိညာဉ်ရဲ့ ကျန်းမာရေးကို ဂရုစိုက်ပါ။
သင့်စိတ်ဝိညာဉ်ရဲ့ ကျန်းမာရေးကိုလည်း လျစ်လျူရှုမထားသင့်ဘဲ တရားထိုင်ခြင်း၊ ယုံကြည်မှုနှင့် ဆုတောင်းပေးခြင်းတို့က ယခုလိုအချိန်တွေမှာ သင့်စိတ်ကျန်းမာရေးအတွက် အထောက်အကူပြုပေးနိုင်ပါတယ်။
ယခုလိုအချိန်မှာ ပြောင်းလဲလို့မရနိုင်တာတွေကို ဂရုမစိုက်သင့်ဘဲ သင်ထိန်းချုပ်ပြောင်းလဲလို့ ရတာတွေအပေါ်မှာသာ အာရုံနှစ်ထားသင့်ပါတယ်။ အကူအညီလိုအပ်လာတဲ့ အခါမျိုးမှာလည်း virtul therapy ဖြစ်စေ၊ hotline မှဖြစ်စေ အကူအညီယူဖို့ လုံးဝမတွန့်ဆုတ်ပါနှင့်။ မိတ်ဆွေသူငယ်ချင်းများနှင့်အတူ အဆက်အသွယ်မပြတ်နေရင်း ပိုပြီးကောင်းမွန်တဲ့ အချိန်ကာလတွေ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။
Source: https://www.healthline.com/health/mental-health/managing-your-mental-health-during-the-pandemic