ရာသီတုပ်ကွေးရောဂါသည် တုပ်ကွေးရောဂါပိုး Influenza Type A နှင့် Type B ကြောင့်အဖြစ်များတတ်ပါတယ်။ တုပ်ကွေးရောဂါ လက္ခဏာများအနေဖြင့် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ လည်ချောင်း နာခြင်း၊ နှာရည်ယိုနှာစေးခြင်းတို့ ခံစားရနိုင်ပါတယ်။ အများအားဖြင့် ဖျားနာခြင်းနှင့် အခြားလက္ခဏာများသည် ၇ ရက် တစ်ပါတ်အတွင်း သက်သာပျောက်ကင်းလေ့ရှိပါတယ်။ ချောင်းဆိုးခြင်းသည် ၂ ပတ်နှင့် အထက်ထိ မပျောက်ကင်းဘဲ ကြာရှည်နိုင်ပါတယ်။ ဒါပေမယ့် အချို့တွင်တော့ ရာသီတုပ်ကွေး၏ပြင်းထန်သော ရောဂါ လက္ခဏာများကို ခံစားရနိုင်ပြီး အသက်ဆုံးရှုံးသည်အထိဖြစ်နိုင် ပါတယ်။ အထူးသဖြင့် ကိုယ်၀န်ဆောင်များ၊ ၅နှစ် အောက် ကလေးငယ်များ၊ ၆၅ နှစ်နှင့် အထက်လူကြီးများ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကျန်းမာရေးစောင့် ရှောက်မှုပေးနေသော ၀န်ထမ်းများသည် တုပ်ကွေး၏ နောက်ဆက်တွဲပြဿနာများ ခံရနိုင်ခြေပိုများနိုင်ပါတယ်။
သင်နှင့် သင့်မိသားစုအတွက် တုပ်ကွေးရောဂါနှင့် ၄င်း၏နောက်ဆက်တွဲဆိုးကျိုးများမှ ကာကွယ်ပေးနိုင်ရန်
အောက်တွင်ဖော်ပြထားသောအချက်များကို လိုက်နာသင့်ပါတယ်။
တုပ်ကွေးရောဂါကာကွယ်ဆေးထိုးပါ
တုပ်ကွေးရောဂါမှကာကွယ်ဖို့ တစ်ခုတည်းသော အကောင်းဆုံးနည်းလမ်းကတော့ နှစ်စဉ်တုပ်ကွေးကာကွယ် ဆေးထိုးထားဖို့ပဲဖြစ်ပါတယ်။ ယခုကဲ့သို့ COVID19 ဖြစ်ပွါးနေသောကာလမှာ တုပ်ကွေးကာကွယ်ဆေးထိုးထားဖို့ ပိုအရေးကြီးပါတယ်။ တုပ်ကွေးကာကွယ်ဆေးက COVID19 ကူးစက်မှုကို ကာကွယ်မပေးနိုင်ပေမယ့် တုပ်ကွေး ရဲ့နောက်ဆက်တွဲဆိုးကျိုးတွေ ဆေးရုံဆေးခန်းသွားရနိုင်ခြေတွေကိုလျော့ချပေးနိုင်လို့ ထိုးထားသင့်ပါတယ်။ တုပ်ကွေးကာကွယ်ဆေးထိုးခြင်းအပြင် လက်မကြာခဏဆေးခြင်း၊ နှာချေချောင်းဆိုးလျင် ပါးစပ်နှင့်နှာခေါင်းကို အုပ်ထားခြင်းတို့ ပြုလုပ်ဖို့လည်းမမေ့သင့်ပါဘူး။
ခပ်ခွါခွါနေပါ
ကိုယ့်ပတ်၀န်းကျင်မှာဖျားနာနေတဲ့သူများရှိရင်ခပ်ခွါခွါနေပါ။ မိမိကိုယ်တိုင်ဖျားနာနေရင်လည်း သီးသန့်နေပေး ခြင်း၊ လူကြားထဲသွားလာမှုရှောင်ကြဉ်ခြင်းဖြင့် မကူးစက်အောင် နေထိုင်ပါ။
ဖျားနာနေလျင် အိမ်တွင်အနားယူပါ
ဖျားနာနေလျင် ရုံမသွားဘဲ ကျောင်းမသွားဘဲ အိမ်တွင်သာ အနားယူပါ။ ဒါမှသာ အခြားသူများကို ကူးစက်ပျံ့နှံ့ ခြင်းမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။
လက်ကိုမကြာခဏဆေးကြောပါ
လက်ကိုမကြာခဏဆေးကြောမှသာ ရောဂါပိုးမွှားများ မကပ်ညိအောင် မိမိခန္ဓာကိုယ်ထဲမ၀င်ရောက်အောင် တားဆီးနိုင်မှာဖြစ်ပါတယ်။ ရေ ဆပ်ပြာ အသုံးပြု၍နှစ်မိနစ်ခန့်သေချာစွာပွတ်တိုက်ဆေးကြောပါ။ ရေနှင့် ဆပ်ပြာမရရှိနိုင်ပါက အယ်လ်ကိုဟောပါ၀င်သော လက်သန့်ဆေးရည်များကို အသုံးပြုပါ။ တစ်စုံတစ်ခုကိုင်တွယ် ပြီးတိုင်းလက်ဆေးပါ၊ နှာချေ ချောင်းဆိုးပြီးတိုင်းလက်ဆေးပါ။
နှာချေ ချောင်းဆိုးလျင် နှာခေါင်းနှင့် ပါးစပ်ကို ဖုံးအုပ်ထားပါ
နှာခြေ ချောင်းဆိုးလျင် ပါးစပ်ကို တစ်ရှူး (သို့) လက်ကိုင်ပုဝါ (သို့) တံတောင်ဖြင့် ဖုံးအုပ်ပေးပါ။ ရာသီတုပ်ကွေး နှင့် ကိုဗစ်ကဲ့သို့ အသက်ရှူလမ်းကြောင်းမှ ကူးစက်တတ်သောရောဂါများသည် နှာခြေချောင်းဆိုးခြင်းမှ တစ်ဆင့် ကူးစက်ပျံ့နှံ့နိုင်ပါတယ်။
အာဟာရပြည့်၀အောင်စားသောက်နေထိုင်ပါ
အသားငါး ဟင်းသီးဟင်းရွက် အသီးအနှံ အမျှင်ဓာတ်များအားလုံး စုံလင်မျှတအောင်စားသောက်ပါ။ သန့်ရှင်းလက်ဆတ်သော အစားများကို ပူပူနွေးနွေးချက်ပြုတ်စားသောက်ပါ။ ရေများများသောက်ပေးပါ။ အချို နှင့် အငန်ဓာတ်ကိုလျော့စားပါ။ ကိုယ်ခံစွမ်းအားကိုမြင့်တက်စေမည့် ဗီတာမင်စီ၊ ဇင့်၊ ဆယ်လီနီယမ်၊ ဗီတာမင်ဒီ တို့ကိုပြည့်၀စွာရရှိပါစေ။ အိပ်ရေး၀၀အိပ်စက်အနားယူပါ။ တစ်နေ့ တစ်နာရီခန့် ကိုယ်လက်လှုပ်ရှားမှုလည်း ပြုလုပ်ပါ။